၀န်ကြီးဌာနသတင်းများ



အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းဦးဆောင်၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၂ရက်နေ့ တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မိမိတို့ ဌာနများမှ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အေအီးစီအကောင်အထည်ဖော်မှုကို တိုင်းတာသည့် Monitoring and Evaluation (M&E) Framework အရ မြန်မာနိုင်ငံအနေဖြင့် Country Visit ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ   ၂၇ ရက်နေ့အထိ  ဆောင်ရွက်ခဲ့ကြောင်း၊  အဆိုပါ အစီရင်ခံစာအရမြန်မာနိုင်ငံ၌ လူစွမ်းအားနှင့် ဘဏ္ဍာရေးအရင်းအမြစ် နည်းပါးသော်လည်း အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသဆိုင်ရာကတိကဝတ်များပြည့်မီရေးကို ကောင်းမွန်စွာဆောင်ရွက်နိုင်ကြောင်း ၊ ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနည်းပါး နေဆဲဖြစ်သော်လည်းကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခွင့်အလမ်းများရှိနေကြောင်းစိန်ခေါ်မှုအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကဏ္ဍ၌ ASEAN NTM Database ကို updated ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၌ ကောင်းမွန်သောစိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်(Good Agricultural Practice)များတိုးချဲ့ရန်လိုအပ်ကြောင်း၊ အဆိုပါCountry Visit အစီရင်ခံပါ သုံးသပ်ချက်များအရ လိုအပ်ချက်များ၊ စိန်ခေါ်မှုများကိုဖြေရှင်း ကျော်လွှားနိုင်ခြင်းဖြင့် မြန်မာနိုင်ငံအေအီးစီအကောင်အထည်ဖော်မှုကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

     ဆက်လက်၍  ဒုတိယဝန်ကြီးက အေအီးစီ ၂၀၂၅ ကို ၂၀၁၆ ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့သည့်အတွက်ယခုနှစ်တွင် ကာလလယ်ကို ရောက်ရှိပြီ ဖြစ်သည့်အတွက် အေအီးစီ ၂၀၂၅ ၏ ကာလလယ် သုံးသပ်ချက်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကနဦးအစီရင်ခံစာကို ပြင်ဆင်လျက်ရှိပြီး၊ အပြီးသတ် အစီရင်ခံစာကို ၂၀၂၁ခုနှစ် ပထမလေးလပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သုံးသပ်ချက်များကို အခြေခံ၍ အနာဂတ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် အာဆီယံ ၂၀၂၅အလွန် မျှော်မှန်းချက်(Post 2025 ASEAN Vision) ကိုရေးဆွဲသွားမှာ ဖြစ်သည့်အတွက် အာဆီယံ၏ အနာဂတ်မျှော်မှန်းချက်  ရေးဆွဲချမှတ်ရာမှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးက ၂၀၂၀ပြည့်နှစ် အတွင်းဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရ မည့်အေအီးစီ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လက်ရှိ အေအီးစီ အကောင်အထည်ဖော်မှုမှာ COVID-19  ဖြစ်ပွားမှုကြောင့် အာဆီယံတစ်ခုလုံး အကောင်အထည်ဖော်မှုနှုန်းလျော့နည်းနေသည့် အခြေအနေရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံဒေသ တစ်ခုလုံး အနေဖြင့် အကောင်အထည်ဖော်ရန် လုပ်ငန်း (၁၅၆) ခုတွင် လုပ်ငန်း (၃၆) ခုကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဆောင်ရွက်ရန်  လုပ်ငန်း (၁၅၅) ခုရှိပြီး၊ လုပ်ငန်း (၄၃) ခုကို အကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်း (၁၁၂) ခုအနက် လုပ်ငန်း (၉) ခုသည် Country Level အနေဖြင့် ဆောင်ရွက်ရန် နှင့် ကျန်လုပ်ငန်း (၁၀၃) ခုသည်Regional Level အနေဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ သို့ပါ၍ ကျန်အာဆီယံနိုင်ငံများနှင့်ပူးပေါင်း အကောင်အထည်ဖော် ရမည့် လုပ်ငန်းတွေအများစုကျန်ရှိနေခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဒုတိယဝန်ကြီးက COVID-19 အလွန် ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်တဲ့ လုပ်ငန်းများသည် အေအီးစီ ၂၀၂၅ အကောင်အထည်ဖော်မှုများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်၍ အားလုံး ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း နှင့် အခက်အခဲများကိုလည်း  ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးသန်းအောင်ကျော်ကအေအီးစီ ၂၀၂၅ ၏ ကာလလယ်သုံးသပ်ချက် ကနဉီးအစီရင်ခံစာနှင့် ၂၀၂၀ပြည့်နှစ်အတွင်း အေအီးစီ၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် လုပ်ငန်းကော်မတီ အသီးသီးမှ  မိမိတို့လုပ်ငန်းအလိုက် အကောင်အထည်ဖော်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။