နေပြည်တော်၊ သြဂုတ် ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် Video Conferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီး များနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၁) မှပါဝင်တက်ရောက်သည်။
အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များက အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ ASEAN Business Awards ၊ Digital Stars Legacy Project ၊ ASEAN Mentorship for Entrepreneurs Network၊ SGConnect၊ Digital Trade Connect နှင့် COVID-19 ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များစသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြကြသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် ဒေသတွင်းလူမှုစီးပွား သက်ရောက်မှုများကို လျှော့ချ နိုင်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာအားကောင်းစေရန် ပုဂ္ဂလိက ကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ASEAN-BAC မှ တင်ပြသည့် အဆိုပြုလွှာ၏ နယ်ပယ်ကို ကဏ္ဍစုံနှင့် မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်သည်။