၀န်ကြီးဌာနသတင်းများ

ဥရောပနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီး များ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဥရောပသမဂ္ဂ အမျိုးသားသီချင်းတို့ကို ဖွင့်လှစ်ပြီး အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E Mr. Kristian Schmidt နှင့် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး H.E Mr. Kristian Schmidt တို့သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများနှင့် အတူ ဥရောပနေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဥရောပ သမဂ္ဂသံအမတ်ကြီး တို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။