၀န်ကြီးဌာနသတင်းများ

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေး (23rd Greater Mekong Subregion-GMS Ministerial Conference- 23 MC) ၏ အဆင့်မြင့်အရာရှိများ အကြိုညှိနှိုင်းအစည်းအဝေး (Senior Official Meeting-SOM) သို့ မဟာမဲခေါင်ဒေသခွဲ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံညှိနှိုင်းရေးမှူး (National Coordinator- NC) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဦးသန်းအောင်ကျော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ် (ယူနန်ပြည်နယ် နှင့် ကွမ်းရှီးပြည်နယ်)၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ မဟာမဲခေါင်ဒေသခွဲ နိုင်ငံညှိနှိုင်းရေးမှူးများ ၊ ဘာသာရပ် ဆိုင်ရာကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဦးခန့် ပါဝင် တက်ရောက်ကြပါသည်။

နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အရာရှိများ အကြိုအစည်းအဝေးတွင် လာမည့် ဆယ်စုနှစ် အတွင်း အကောင်အထည် ဖော်မည့် မဟာမဲခေါင် ဒေသခွဲ မဟာဗျူဟာမူဘောင် (၂၀၃၀) (GMS Strategy 2030) နှင့် မဟာ မဲခေါင်ဒေသခွဲ သုတေသနအစီအစဉ် ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားမှုများအပေါ် ညှိနှိုင်း ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်လျက်ရှိသည့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမူဘောင် (၂၀၂၂) (Regional Investment Framework- RIF) ၏ ဒုတိယအကြိမ် အစီရင်ခံစာအပေါ် ဆွေးနွေးခြင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပမည့် (၂၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ် အပြီးသတ်ဆွေးနွေးခြင်း နှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရန် လျာထားသည့် (၇) ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး(7th GMS Summit) အတွက် ကြိုတင် ပြင်ဆင် ထားရမည့် လုပ်ငန်းစဉ်များပေါ် ဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ဖွံ့ဖြိုးမှုမိတ်ဖက်များ ဖိုရမ်၌ တက်ရောက်လာ ကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များမှ ကိုယ်စားလှယ်များမှ ၎င်းတို့အနေနှင့် မဟာမဲခေါင်ဒေသခွဲတွင်း ကူညီပံ့ပိုးပေး လျက်ရှိသည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံမှ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင် (၂၀၂၂) အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများအတွက် ဘဏ္ဍာငွေ လိုအပ်ချက်များ၊ နည်းပညာအကူအညီ လိုအပ်ချက်များ၊ စီမကိန်းအကောင်အထည် ဖော်ရာ တွင် လိုအပ်နေသည့် စွမ်းဆောင်ရည်များ မြှင့်တင်ရာတွင် ပံ့ပိုးကူညီသွားရန် ဆွေးနွေးခဲ့ပါသည်။