၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်)မြို့၌ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက် နေ့နှင့် ၂ ရက်နေ့တို့တွင် ကျင်းပသည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာ ဝန်ကြီးများ၏ (၇) ကြိမ် မြောက် ကြားဖြတ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆီယမ်ရိ(ပ်) မြို့ရှိ Sokha Seam Reap Resort and Convention Center ၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဟွန်ဆန်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ အဆိုပါအဖွင့်အမှာစကား၌ ဝန်ကြီးချုပ်က အာရှ၏စီးပွားရေးကို အသွင်ပြောင်းလဲရာတွင် RCEP ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး RCEP သဘောတူစာချုပ်၏ နောက်ခံသမိုင်းကြောင်းကိုလည်း အမှတ်တရ ပြန်လည်ပြောဆိုခဲ့သည့် အပြင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများ အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံဖြစ်သော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို မြှင့်တင်ရန်အတွက် နိုင်ငံစုံ သဘောတူညီချက်များနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လိုက်ပါဆောင်ရွက်ရန် အပြည့်အဝ ကတိပြုထားပြီးဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ဆက်လက်၍ RCEP ကုန်သွယ်ရေး ညှိနှိုင်းမှုများကို ယခုနှစ် နှစ်ကုန်ပိုင်း တွင်အပြီး သတ်နိုင်ရန် မျှော်လင့်ကြောင်းကိုလည်းပြောကြားခဲ့သည်။

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံ တို့အကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်တစ်ခု ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသကဲ့သို့ ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင် နှုန်းနှင့် GDP ၏ သုံးပုံတစ်ပုံရှိမည်ဖြစ်၍ RCEP သည်ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး အုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားပါသည်။ RCEP ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၂ခုနှစ် တွင် စတင်ခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ဈေးကွက်ဖွင့်လှစ် ပေးရေး အပိုင်း နှင့် စာချုပ်ပါ စာသားများ ညှိနှိုင်းမှုအပိုင်းတွင် ကောင်းမွန်သော တိုးတက်မှုများ ရရှိခဲ့မှုအတွက် RCEP ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီကို ချီးကျူးခဲ့ပြီး ညှိနှိုင်းမှုနှစ်ခုလုံးကို ပိုမိုတိုးတက်ဖြစ်ထွန်းစေရန် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကျန်ရှိ နေသေး ကြောင်းကိုလည်း တစ်ပါတည်း ထောက်ပြ ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီးပွားရေး အရအကျိုးရှိစေမည့် ရလဒ်များ ရရှိစေရေး ဆောင်ရွက်ရာတွင် ထူးခြားပြီး ထိခိုက်လွယ်သော အထူးကိစ္စရပ်များကို ပြေလည်မှုရရှိ အောင် ဆွေးနွေးညှိနှိုင်းသွားကြရန်နှင့် ယခုနှစ်ကျန်ရှိသည့်အချိန်များတွင် ညှိနှိုင်းမှုများကို ပိုမိုအားထည့် ဆောင်ရွက်သွားရန် အတွက်လည်း RCEP အဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်းခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့သည် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ပြင်ဆင်သည့်ပထမ အခြေပြစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။