၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ အောက်တိုဘာလ ၂၈

အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) ၏ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion– GMS) စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ (၁၁) ကြိမ်မြောက် စီးပွားရေးစင်္ကြံများဖိုရမ် (ECF-11) ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈: ၃၀ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့သည်။

ဖိုရမ်၌ ထိုင်းနိုင်ငံ၊ National Economic and Social Development Board မှ Senior Advisor to Policy and Plan, Mr. Wanchat Suwannakitti က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Southeast Asia Regional Department မှ Director General, Mr. Ramesh Subramaniam က တွဲဘက်သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။

အဆိုပါဖိုရမ်တွင် GMS မဟာဗျူဟာမူဘောင် ၂၀၃၀ အရ ဆောင်ရွက်သွားမည့် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ နှင့် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းခွဲ ၅ အပေါ် ကနဦး လေ့လာချက်၏ ရလဒ်များကို အာရှဖွံ့ဖြိုးရေးဘဏ်မှလည်းကောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အရ ဆောင်ရွက်ထားရှိမှုများနှင့် e-commerce platform ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို တရုတ်နိုင်ငံမှ လည်းကောင်း၊  ထိုင်းနိုင်ငံရှိ အရှေ့စီးပွားရေးစင်္ကြံလမ်းကြောင်း ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို ထိုင်းနိုင်ငံမှလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ GMS နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လွယ်ကူချောမွေ့စေမှု သဘောတူစာချုပ်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ ကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မဲခေါင်သိပ္ပံတို့မှ လည်းကောင်း၊ GMS ဒေသတွင်း COVID-19 ကာလ၌ ရွှေ့ပြောင်းလုပ်သားများ လုံခြုံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ခံအရာရှိက လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ ရှင်းလင်းတင်ပြမှုများနှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအပေါ် GMS အဖွဲ့ဝင်နိုင်ငံများမှ အဆင့် မြင့်အရာရှိကြီးများက သုံးသပ် ဆွေးနွေးခြင်းများ၊ ထောက်ခံဆွေးနွေးခြင်းများနှင့် ရှေ့ဆက်လက် လုပ်ဆောင်သင့်သည့် အချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဖိုရမ်သို့ GMS အဖွဲ့ဝင် နိုင်ငံ (၆) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့် အာရှဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ GMS ဆိုင်ရာ နိုင်ငံညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင် သော မြန်မာ ကိုယ်စားလှယ်အဖွဲ့က Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

GMS စီးပွားရေးစင်္ကြံများဖိုရမ်သည် GMS ဒေသတွင်း စီးပွားရေးစင်္ကြံများချိတ်ဆက်မှု၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် လုံခြုံပြီး ရေရှည် တည်တံ့သည့် လူမှုအသိုက်အဝန်း တည်ထောင်ရာ တွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိသည့် နယ်ပယ်များနှင့် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံတို့မှ ၎င်းတို့ ရရှိခဲ့သည့် တိုးတက်အောင်မြင်မှုများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ချက်များနှင့် အစီအစဉ်များအပေါ် ဆွေးနွေးတိုင်ပင်ကြသည့် အဓိကဖိုရမ် တစ်ခု ဖြစ်ပါသည်။

အဆိုပါဖိုရမ် ကျင်းပပြီးနောက် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက ဖိုရမ်၌ ဆွေးနွေးခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန် ခဲ့ပါသည်။