၀န်ကြီးဌာနသတင်းများ

နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈ နာရီတွင်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ် မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့၏ ဆွေးနွေးပွဲများသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးရုံးမှ  ပါဝင်တက်ရောက်သည်။


အဆိုပါအစည်းအဝေးများတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်  ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ ကောင်စီ ဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင် များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။  

(၃၅) ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မှတ်တမ်းတင်ပြီး  ယင်းသဘောတူစာချုပ် ပြန်လည်သုံးသပ်ရေး ဆောင်ရွက်မှု အခြေအနေများကို အသိအမှတ်ပြုခဲ့ကြပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဆေးနှင့် ဆက်စပ်ပစ္စည်းများနှင့် စားသောက်ကုန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အရေးကြီးကုန်စည် များ၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် နားလည်မှု စာချွန်လွှာတွင် စားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ထပ်မံထည့်သွင်းရေးကို အတည်ပြုခဲ့ကြသည်။ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူ စာချုပ်နှင့်အညီ ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည့် နိုင်ငံအလိုက်ထုတ်ပြန်သည့် အမိန့်/ညွှန်ကြားချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားရေးကိစ္စကိုလည်း  ဝန်ကြီးများက မှတ်တမ်းတင်ခဲ့ကြသည်။  


အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံ ကုန်စည်ကုန်သွယ်မှု သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ နှင့်စပ်လျဉ်း၍ စာချုပ်ပါ အကောက်ခွန်လျှော့ချမှု အစီအစဉ်အရ အကောက်ခွန်လိုင်းများ ချိတ်ဆက်ရာတွင် မှီငြမ်းသည့် လမ်းညွှန်ချက် ရေးဆွဲဆောင်ရွက်ခြင်း သည် ကုန်သွယ်မှု လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုနှင့် တိကျသေချာမှုကို အထောက်အကူဖြစ်သည့်အတွက်  အဆိုပါ လမ်းညွှန်ချက် အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ပေါင်းစပ် ညှိနှိုင်းမှုကော်မတီကို တိုက်တွန်းခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အထွေထွေ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းသည် သဘောတူစာချုပ်အောက်ရှိ ကတိကဝတ်များ နှင့် ကိုက်ညီမှုမရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ကြောင်း၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ  ပြုစုထားသည့် အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည်ကြာစွာ ဖြေရှင်းနိုင်ခြင်းမရှိသည့် ကိစ္စရပ်များအတွက်လည်း ရှေ့ဆက်လက် ဆောင်ရွက်မည့် နည်းလမ်းများကိုပါ ထည့်သွင်းရန် လိုကြောင်း ဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာနိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့မှုနှင့် စပ်လျဉ်း၍ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့ခြင်းကို  ဝမ်းမြောက်ကြောင်းဆွေးနွေးခဲ့ပြီး၊   မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံး ပြောင်းတင်ပို့ခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံက စဉ်းစားပေးရန်ကိုလည်း ပြည်ထောင်စုဝန်ကြီးက တောင်းဆိုခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပေါ်နေစဉ်အတွင်း အကောက်ခွန်မဟုတ်သည့် အစီအမံများ ဖြေလျော့ပေးရန် အတွက် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲစာရင်း တွင် အာဆီယံနိုင်ငံများ သဘောတူထားသည့် စားသောက်ကုန်နှင့် စပ်လျဉ်းသည့်ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်းရန် ကိုလည်း သဘောတူခဲ့ပါသည်။


ဆက်လက်၍ (၂၄) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၀-၂၀၂၁) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေးမူဘောင်တို့ကို ထုတ်ပြန်ရန် အတည်ပြုခဲ့ သည်။ ထို့အပြင် အာဆီယံရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအစီရင်ခံစာ (၂၀၂၁) နှင့် စပ်လျဉ်းပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တင်ပြမှုအပေါ်  ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး၊ အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာကို မှတ်တမ်းတင် ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ၂၀၂၁ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် စီးပွားရေးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်ကို ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ကြိုဆိုပါကြောင်းနှင့် ကိုဗစ်-၁၉ အလွန် ကာလတွင်  အာဆီယံ ဒေသတွင်း ဦးစားပေးမြှင့်တင် သင့်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖြေလျော့ဆောင်ရွက်ပေးမှုများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆန်းစစ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်  ပြန်လည်ကုစားရေး ဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်ရန် အတွက် ဆောင်ရွက်မည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှင့် လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့်  SMART လုပ်ငန်းစဉ် များနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အဆိုပါ အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေး မူဘောင်ကို ဆက်လက်ဆောင်ရွက်ရန် ထောက်ခံကြောင်း  ပြောကြားခဲ့သည်။


ထို့နောက် ဆက်လက်ကျင်းပသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေး ကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများ နှင့်အတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ ထို့ပြင် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံ ကျင်းပရန် စီစဉ်ဆောင်ရွက်မှု၊  ထူးချွန်သည့် စီးပွားရေးလုပ်ငန်းများအား ဆုချီးမြှင့်မည့်အစီအစဉ်၊  ဒေသတွင်းကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက်  ဆောင်ရွက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်လျက်ရှိ သည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး ကွန်ယက်ထူထောင်မှုအခြေအနေ၊  ကျန်းမာရေးနှင့် ခရီးသွားလာ ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများနှင့် အကြံပြုချက်များကို တင်ပြခဲ့ရာ ဝန်ကြီးများမှ ပြန်လည်လမ်းညွှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ၌ အစိုးရ-ပုဂ္ဂလိက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကူးစက်မှုနှုန်းကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရန်အတွက်  ကာလလတ်စီမံကိန်းဖြစ်သည့် မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့စေ ရေး စီမံချက်ကို ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင် နှင့် ဂျီအမ်အက်စ် လုပ်ငန်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက  နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု၊ ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကုန်၌ ကာကွယ်ဆေးထိုးနှံရန် အကြုံးဝင်သည့် လူဦးရေ၏ ၅၀ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပေးနိုင်‌ရေးအတွက် ဆောင်ရွက်နေမှုများ၊ ရောဂါဖြစ်ပွားနေစဉ် အတွင်း မရှိမဖြစ် လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကိရိယာများကို လွယ်ကူစွာ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  အရာရှိကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။