၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ စက်တင်ဘာလ ၁၀ ရက်

(၁၃) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် video conference စနစ်ဖြင့်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ 

အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အဆင့်မြင့်စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံကအလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့်ကာလအတွင်း စီအယ်လ် အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေး၏ သဘာပတိဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင် က ဝန်ကြီးများထံတင်ပြခဲ့ပါသည်။ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က  ၂၀၂၁ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီ အဆင့် မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးကျင်းပနိုင်မှုအခြေအနေ၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အရ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများအခြေအနေ၊ ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်ကို အတည်ပြုနိုင်မှု အခြေအနေများ ကို စီးပွားရေးဝန်ကြီးများထံ တင်ပြခဲ့ရာ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေးအရာရှိများအား စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ အရ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊  စီအယ်လ်အမ်ဗွီနိုင်ငံများ၏ အားသာချက်ဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသည့် လုပ်ငန်းများကို ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက် ရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင်  စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ အာဆီယံနိုင်ငံများ အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့်  အခြား အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်ခဲ့ကြပါသည်။ ထို့နောက်   စီအယ်လ်အမ်ဗွီနိုင်ငံများရှိ အရာထမ်းများ ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ဗီယက်နမ်နိုင်ငံသို့ တစ်နိုင်ငံလျှင် ပညာသင် (၂၀) ဦး စေလွှတ်ခြင်း အစီအစဉ်အတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးပေးမှုကို မှတ်တမ်းတင်ခဲ့ပါသည်။

အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန် လုပ်ငန်း အစီအစဉ်ရေးဆွဲမည့် စီမံချက်ကို ဆက်လက် ဆွေးနွေးခဲ့ရာ စီမံချက်အတွက် ပံ့ပိုးကူညီပေးသည့် သြစတြေးလျနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြီး၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်သည် ၂၀၃၀ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီ နိုင်ငံ ပြည်သူများအား အလယ်အလတ်ဝင်ငွေရှိသည့် အခြေအနေသို့ရောက်ရှိစေရန် ရည်ရွယ်ထားသည့်အတွက် စီမံချက်ကို ၂၀၂၁ ခုနှစ်အတွင်း အချိန်မီပြီးစီးစေရေး  မဲခေါင်သုတေသနအဖွဲ့၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် အဆင့်မြင့်အရာရှိများအား လမ်းညွှန်ခဲ့သည်။  


ထို့နောက် စီးပွားရေးဝန်ကြီးများက ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် စီအယ်လ် အမ်ဗွီနိုင်ငံများ၏ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ပိုမိုတိုးတက်စေရေး ပံ့ပိုးဆောင်ရွက်ပေးသည့်လုပ်ငန်းစီမံချက် အကောင် အထည်ဖော်မှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်မှု အခြေအနေ များနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်မှုများကို လည်းကောင်း၊ ဒေသခွဲအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ပေါင်းစပ်ဆက်သွယ်မှုတိုးတက်ရေးတို့အတွက်  ဒီဂျစ်တယ်ကုန်သွယ်ရေး ကို တိုးမြှင့်ရေး၊ ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာစေရေးကိစ္စများကို လည်း ကောင်း ဆွေးနွေးခဲ့ကြပြီး၊ (၁၃) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန် ချက်ကို အတည်ပြုခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း ဦးဆောင်ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပံ့ပိုးဆောင်ရွက်ပေးသည့် အတွက် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အလှည့်ကျ စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင် ရန် ဗီယက်နမ်နိုင်ငံအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။