၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ အောက်တိုဘာလ ၂၂ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင် သည် ယနေ့နံနက် ၀၉:၃၀ နာရီမှ စတင်၍ Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) ကြားဖြတ်ပူးတွဲကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက်သည်။


အစည်းအဝေးတွင် သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Djatmiko Bris Witjaksono က ဆောင်ရွက်ပြီး အာဆီယံ အပေါင်းတစ် လွတ်လပ်သော ကုန်သွယ်မှုဒေသနိုင်ငံများ၏ facilitator အဖြစ် နယူး ဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိ Mr. Keawe Woodmoore က ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့မှ RCEP ကြားဖြတ် ပူးတွဲကော်မတီ ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အသက်ဝင်ရေးဆောင်ရွက်မှု၊ သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် ပြင်ဆင်မှုများဖြစ်သည့် အကောက်ခွန်လျှော့ချမှုအစီအစဉ် ချိတ်ဆက်ကူး ပြောင်းမှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်နှင့် ဒေသ တွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရန် ကိစ္စရပ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် အသက် ဝင်ရေး ဆောင်ရွက်ပြီးစီးမှုနှင့် သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် အကောက်ခွန် လျှော့ချမှုအစီအစဉ် ချိတ်ဆက်ကူးပြောင်းမှုအခြေအနေတို့ကို တင်ပြခဲ့ပါသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။