၀န်ကြီးဌာနသတင်းများ

နေပြည်တော် အောက်တိုဘာ ၂၅ ရက်

        မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ‌ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအပါအဝင် နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် ရန်ကုန်မြို့ရှိ ရုရှားဖက်ဒ‌ရေးရှင်းနိုင်ငံသံရုံး၏ စီးပွားရေး ကောင်စစ်ဝန် Mr. Andrei Iunak က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် အား ယနေ့ နေ့လယ် (၁၃:၃၀) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

         ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၏ စီးပွားရေးကောင်စစ်ဝန် Mr. Andrei Iunak က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် မြန်မာ-ရုရှား နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ဆွေးနွေးမှုအစီအစဉ် (1st B2B Dialogue)၏ ရလဒ်များအား သုံးသပ်၍ နှစ်နိုင်ငံအကြား ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့် ဦးစားပေးကဏ္ဍများအလိုက် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

          ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ အကြား အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ လက်မှတ်ရေးထိုးနိုင်ရေး၊ ဦးစားပေးကဏ္ဍများအလိုက် လုပ်ငန်း စီမံချက်များ  အကောင်အထည်ဖော်နိုင်ရေးနှင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ နိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

      ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။