(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited(GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို လုပ်ငန်းတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး ကုမ္ပဏီ၏ ဉက္ကဋ္ဌဖြစ်သူ ဉီးဌေးမြင့် က လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ငါးသားပေါက် ထုတ်လုပ်မှု အခြေအနေများ၊ Modern Steel Tank နှင့် Eco and Smart Growout နည်းပညာသစ်အသုံးပြု၍ ငါးမွေးမြူ ထုတ်လုပ်မှု အခြေအနေများ၊ ငါးအစာ၊ ငါးပေါင်းမှုန့်၊ ငါးဆီ ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ငါးအစာတောင့်နှင့် အအေးခန်းစက်ရုံ ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်နိုင်ရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ရေး၊ နည်းပညာ မြှင့်တင်နိုင်ရေးနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်နိုင်ရေးနှင့် နည်းပညာသစ်များဖြန့်ဝေမြှင့်တင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုစနစ်တိုးတက် လာစေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြန်လည် အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီ၏ ငါးသားဖောက်စခန်း(Hatchery) များ၊ Aqua Feed Factory အစာ တောင့်စက်ရုံ၊ Modern Steel Tank ငါးမွေးကန်များ၊ Eco & Smart Growout ငါးမွေးကန်များ၊ ငါးအခြေခံစားသောက်ကုန် ထုတ်စက်ရုံ၊ အအေးခန်းစက်ရုံများ၊ Fish Powder Factory (ငါးဟင်းခတ်မှုန့်)စက်ရုံများ၊ ငါးဖမ်းဆီးထုတ်လုပ်နေမှုများနှင့် ဝန်ထမ်း အိမ်ရာများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါလုပ်ငန်းသည် စနစ်ဟောင်းငါးမွေးမြူခြင်းမှ ခေတ်မီစနစ်ဖြင့် တစ်နေရာတည်း၌ ခေတ်မီငါးသားပေါက် ထုတ် လုပ်ခြင်း၊ ခေတ်မီးစနစ်ဖြင့် ငါးမွေးမြူခြင်း၊ အသားတိုး မွေးမြူခြင်းနှင့် အစာထုတ်လုပ်ခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှု၊ အခဲခံမှု၊ ငါးကုန်ချောထုတ်လုပ်မှု၊ အအေးခန်းသိုလှောင်မှုနည်းစနစ်များ ပါဝင်၍ ငါးနှင့်ပတ်သက်သော စားသောက်ကုန်များ ထုတ်လုပ် ပြီး မြန်မာ့ရေထွက်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။