၀န်ကြီးဌာနသတင်းများ

ဩဂုတ်လ ၂၀ ၊ ရန်ကုန်

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၌ ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန် စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖိုရမ်အား မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း(Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများအရ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင် ကုန်အထိ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၄၃၂.၇၉၆ မီလီယံ အသီးသီးရှိပါသည်။

ဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာ စကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ အထိ တိုးတက် လာခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုပါကြောင်း၊ ယခုအခါ  သီလဝါအထူးစီးပွားရေး ဇုန် တွင် ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သော Suzuki နှင့် Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်းနှင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏  ရင်းနှီးမြှုပ်နှံများကို ကြိုဆို ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် General Electric၊ Chevsron နှင့် Ford ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု များသည် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အရည်အသွေးရှိပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ Overseas Private Investment Corporation မှ မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Apollo Towers ကုမ္ပဏီ မှ တစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသော တာဝါတိုင် ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိုရမ်သို့ တက်ရောက်လာကြသည့် ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးများမှကိုယ်စားလှယ်များ၊  မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များသင်းချုပ် မှ ကိုယ်စားလှယ်များ၊  JICA နှင့် JETRO တို့မှ ကိုယ်စားလှယ်များ၊  ဂျပန်နှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေ့အကြုံများအား ရင်းနှီး ပွင့်လင်းစွာ မေးမြန်းခဲ့ပါသည်။  

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် ဖြေလျော့ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ်  (MyCO) အား မိတ်ဆက်ခြင်းနှင့် စီမံချက်ဘဏ် (PROJECT BANK) နှင့် မြေယာဘဏ် (LAND BANK) တို့အကြောင်းကို  အလေးထား ပြောကြားခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်  ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအလားအလာများ တိုးတက်လာစေရေး အတွက် စီစဉ်ဆောင်ရွက်မှုများအား မြန်မာ့ဆိုင်းဝိုင်း၏ အစီအစဉ်ကျနပုံကို ဥပမာပေးလျက်  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အစီအစဉ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရာတွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းအသစ်များနှင့်စပ်လျဉ်း၍ စကားဝိုင်း ဆွေးနွေးမှု အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။  

ပထမစကားဝိုင်းဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Marciel တို့မှ အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာ စေရေးအတွက် “ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ အဓိက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ၎င်းစိန်ခေါ်မှုများအတွက် မြန်မာ-ဂျပန်-အမေရိကန် သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်မှု”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် လိုအပ်သည့် အခွင့်အလမ်းအဖြစ် ယူဆနိုင်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဂျပန် နှင့် အမေရိကန်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များက “ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍနှင့် မြန်မာ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြုံတွေ့နေရသည့်၎င်းတို့၏ စိန်ခေါ်မှုများ” ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေး ခဲ့ကြပြီး ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ  ဦးဇော်မင်းဝင်း က နိဂုံးချုပ် အမှာစကား ပြောကြား၍ ဖိုရမ်ကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။