၀န်ကြီးဌာနသတင်းများ


နေပြည်တော်  သြဂုတ် ၇

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့်အတူ နံနက် ၁၀၀၀ နာရီ၌ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ တင်ဒါခေါ်ယူမှု စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်း (Standard Operating Procedure of Tendering for Construction Works) (မူကြမ်း) ရေးဆွဲမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ 


အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အရ တစ်ပြေးညီဖြစ်စေရေး အတွက် မူဘောင်ချမှတ်နိုင်ရန်၊ ပွင့်လင်းမြင်သာ၍ တရားမျှတသော တင်ဒါယှဉ်ပြိုင်မှုစနစ်ဖြစ်ပေါ်စေပြီး အမှန် ကုန်ကျမည့် ပြည်သူ့ဘဏ္ဍာငွေနှင့် မှန်ကန်ထိရောက်သော အကျိုးသက်ရောက်မှု ရှိစေရန်နှင့် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ တင်ဒါဆိုင်ရာ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းကို ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့ အကောင်အထည်ဖော်နေသူများ အနေဖြင့် ရေးဆွဲထားသော လုပ်ထုံးလုပ်နည်း(မူကြမ်း) အပေါ် လေ့လာသုံးသပ်ပြီး တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အဖြေရှာရန်ဖြေကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ ပညာရပ်ဆိုင်ရာ သတ်မှတ်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေး သုံးသပ်ပေးခဲ့သည်။


နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျခံသုံးစွဲသည့် ဘဏ္ဍာရန်ပုံငွေ ပမာဏနှင့်ညီမျှ၍ အရည်အသွေးပြည့်ဝပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေရှိသော အဆောက်အအုံများ၊ ပေါ်ထွန်းလာစေရေး အတွက်လည်းကောင်း၊ ကုလသမဂ္ဂဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗန်းရှင်း အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ကွန်ဗန်းရှင်း၏ ရည်ရွယ်ချက်နှင့်အညီ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲရာတွင် အဂတိလိုက်စားမှု ကင်းရှင်းသည့် ထိရောက်ကောင်းမွန်သော  အုပ်ချုပ်ရေး (Effective Good Governance) ဖြစ်စေရေးအတွက်လည်းကောင်း၊ တစ်ပြေးညီ စံထားလိုက်နာရန် အတွက် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ တင်ဒါခေါ်ယူမှု စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်း(မူကြမ်း)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။