၀န်ကြီးဌာနသတင်းများ

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Fortune Plaza ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ တက်ရောက်အမှာစကားပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်အသီးသီးမှ  ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံလူငယ်စွန့်ဉီးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အနယ်နယ်အရပ်ရပ်မှ လူငယ်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကား ပြောကြားရာတွင်-

  • လူငယ်တွေရဲ့ စွမ်းဆောင်ရည်များအပေါ် အပြည့်အဝ ယုံကြည်ပါကြောင်း၊ နိုင်ငံကို အေးချမ်းသာယာအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ကြောင်း၊
  • လူငယ်တွေမှာ  လူကြီးတွေထက် ပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ တီထွင်ဖန်တီးမှု တွေ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိပါကြောင်း၊
  • အဘက်ဘက်က စွမ်းရည်ပြည့်ဝတဲ့ လူငယ် မျိုးဆက်သစ်တွေ ပေါ်ပေါက်လာဖို့  ဖန်တီး ပေးနိုင်မယ့် စီးပွားရေးမူဝါဒကို ချမှတ်ခဲ့ပါကြောင်း၊
  • နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမယ့် လူငယ် မျိုးဆက်သစ်တွေကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့အရေးကြီးပါကြောင်း၊
  • နိုင်ငံတော်၏ မူဝါဒနှင့် မဟာဗျူဟာစီမံကိန်းတွေမှာ ထည့်သွင်းနိုင်ဖို့၊ နိုင်ငံတကာ နဲ့ချိတ်ဆက်ဆောင်ရွက်ပြီး ရင်ပေါင်တန်းနိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာစေဖို့ စတဲ့ အချက်တွေကို ထည့်သွင်း၍ လူငယ်ရေးရာ မူဝါဒကို ရေးဆွဲခဲ့ပါကြောင်း၊
  • အစိုးရက အားပေးရမယ့် အပိုင်းတွေမှာလဲ  မူဝါဒပိုင်း၊ လက်တွေ့ အကောင်အထည် ဖော်ရမယ့် အပိုင်းအားလုံးမှာ  ရှုထောင့်စုံက ကူညီပံ့ပိုးပေးနေပါကြောင်း၊ တစ်ဖက်မှာ လည်း စီးပွားရေးလုပ်ငန်းတစ်ခုလုံး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့  ဆောင်ရွက် နိုင်ရေး ကြိုးပမ်းနေပါကြောင်း၊
  • မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ခုနှစ်အတွက် စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှု အရှိဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အတိုးတက် ဆုံးနိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင် လုပ်ကိုင်ရန် လွယ်ကူစေတဲ့ အဆင့်မှာ မိမိတို့ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိခဲ့ရာ ကနေ လက်ရှိမှာ အဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့တာ တွေ့ရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး စတင် လုပ်ကိုင်ရာမှာ အလွယ် ကူဆုံး အဆင့် စတုတ္ထအဆင့်မှာ ရှိနေပါကြောင်း၊
  • နိုင်ငံတော်ကချမှတ်ထားတဲ့ စီးပွားရေးမူဝါဒနဲ့သာမက ကုလသမဂ္ဂက ချမှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကိုလည်း ရေးဆွဲချမှတ်ခဲ့ ပါကြောင်း၊
  • ဒီနေ့ကျင်းပတဲ့ အခမ်းအနားဦးတည်ချက်ဖြစ်တဲ့ “စွန့်ဦးတီထွင်မှု ၄.၀- ၂၁ ရာစုနှင့် လိုက်လျောညီထွေမှုရှိအောင်စီးပွားရေးလုပ်ငန်းများကိုပြင်ဆင်ခြင်း (Entrepreneurship 4.0 – Adapting Businesses for the 21st Century)” ၂၁ ရာစုအတွက် လူငယ်မျိုးဆက်သစ် အပါအဝင် စီးပွာရေးနယ်ပယ် တစ်ခုလုံး အတွက် စိန်ခေါ်မှုတွေကို ကြိုတင်မျှော်မှန်း ပြင်ဆင်တဲ့ ရည်ရွယ်ချက်အဖြစ် တွေ့ရမှာ ဖြစ်ကြောင်း၊
  • ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ကျင်းပပြုလုပ်‌ခဲ့တဲ့ အာဆီယံ ခေါင်ဆောင်များ ထိပ်သီး အစည်းအဝေး နှင့် အာဆီယံ စီးပွားရေး-ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ  အာဆီယံစီးပွားရေးထူးချွန်ဆု ၂၀၁၉ (ASEAN Business Award 2019) အတွက် ဒစ်ဂျစ်တယ်စနစ်ဆောင်ရွက်တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ထူးချွန်ဆု (Digitalized MSME Award-Winner) နဲ့  လုပ်ငန်း စတင် ထူထောင်မှုနဲ့ တီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆု (Startup & Innovation Driven Entrepreneur Winner) ကို ရယူပေးနိုင်ခဲ့ပါကြောင်း၊
  • ယနေ့အခမ်းအနားမှာ မြန်မာနိုင်ငံစွန့်ဉီးတီထွင် လူငယ်လုပ်ငန်းရှင်များ အသင်းကနေ လူငယ်လုပ်ငန်း စတင်ထူထောင်သူ ထူးချွန်ဆု (Young Startup Award) ၊  လူငယ်စွန့်ဉီး တီထွင်လုပ်ငန်း  ထူးချွန်ဆု (Young Entrepreneurs Award) ၊ လူမှု အကျိုးပြု လုပ်ငန်းရှင် ထူးချွန်ဆု (Social Enterprise Award) ၊  အားလုံးပါဝင်အောင် စွမ်းဆောင် နိုင်သည့် စီးပွားရေး ထူးချွန်ဆု (Inclusive Business Award) ၊ နည်းပညာ တီထွင် ဆန်းသစ် လုပ်ငန်း ထူးချွန်ဆု (Technopreneurship Award) စတဲ့ ဆုအမျိုးအစား (၅) ခု ချီးမြှင့်သွားမယ်လို့ သိရှိရပါကြောင်း၊
  • လူငယ်လုပ်ငန်းရှင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ အနာဂတ်ကိုအပြည့်အဝယုံကြည်တဲ့အတွက် နိုင်ငံရေး သန္နိဋ္ဌာန်အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊
  • အနာဂတ်မှာ ကြုံတွေရမဲ့ စက်မှု 4.0 (Industrial 4.0) အတွက် ကြိုတင် ပြင်ဆင်စရာ ရှိတာတွေကိုလည်း အာဆီယံနိုင်ငံတွေနဲ့အတူ မူဝါဒ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး၊ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊
  • နိုင်ငံရဲ့ လူမှု၊ စီးပွားတစ်ခုလုံးကို တိုးတက်စေရန် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) ကိုလည်း ရေးဆွဲ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
  • စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စတင် ထူထောင်လုပ်ကိုင်တဲ့  အဆင့်ကနေ စီးပွားရေး ဝန်းကျင် တစ်ခုလုံး လုပ်သာကိုင်သာရှိတဲ့ လွယ်ကူ ချောမွေ့စေမဲ့ အစီအမံ များကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပါကြောင်း၊
  • ဒါ့ကြောင့် လူငယ်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း တွေမှာတက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် အနာဂတ်မှာကြုံတွေ့ရမဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်း အဖြစ် အသုံးချပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အစိုးရနဲ့အတူ လက်တွဲ ဆောင်ရွက် နိုင်တဲ့ အင်အား တစ်ရပ်အဖြစ် ကြိုးပမ်းလုပ်ဆောင် ကြပါ လို့  တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။