၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ နိုဝင်ဘာ ၂၀

 

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သစ်ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီတွင် Video Conference စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖင်လန်နိုင်ငံက လက်ရှိကူညီထောက်ပံ့ပေးလျက်ရှိသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ သစ်တောသယံဇာတ စီမံခန့်ခွဲရေး၊ အရည်အသွေး ပြည့်ဝသော မူလတန်းပညာသင်ယူနိုင်မှုအတွက် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြားရေးနှင့် ကျား၊ မတန်းတူညီမျှရေးဆိုင်ရာလုပ်ငန်းများအတွက် မြန်မာနိုင်ငံအား ကူညီပေးနေသည်ကိုတွေ့ရှိရ ကြောင်း ပြောကြားခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးနှင့် ဖင်လန်သံအမတ်ကြီးတို့က ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး၊ ပညာရေး၊ ကာဗွန်ထုတ်လွှင့်မှုလျှော့ချရေးနှင့် ရာသီဉတု ဒဏ်ခံနိုင်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးမှုအကူအညီများအား ပွင့်လင်းမြင်သာပြီး ထိရောက်မှု ရှိစေရေးအတွက် မြန်မာနိုင်ငံဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP) အား ပြန်လည်ပြင်ဆင်ရေးဆွဲ ထားပြီးဖြစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ Covid-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်  (CERP) အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် Covid-19 ကပ်ရောဂါအလွန် မြန်မာ နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ဆက်လက် အကောင် အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့သည်။


ထို့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးနှင့်အတူ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဖွံ့ဖြိုးမှုအကူအညီပေးရေးဆိုင်ရာ အကြံပေးအရာရှိများ၊ ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် အဖွဲ့ ခေါင်းဆောင်များနှင့် အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။