၀န်ကြီးဌာနသတင်းများ

မြန်မာ-ဂျပန်ကနဦး ပူးပေါင်းဆောင်ရွက်မှု (အပိုင်း-၂) ၏ (၆) ကြိမ်မြောက် အထွေထွေ အစည်းအဝေးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(မြန်မာ)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro MARUYAMA တို့မှ အဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဂျပန်ဘက်မှပြုစုထားသည့် မြန်မာ- ဂျပန် ကနဦး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် နှစ်ဖက်အပြန်အလှန် ဆွေးနွေး ခဲ့ကြ ပါသည်။ အဆိုပါ အစည်းအဝေးအား မြန်မာနိုင်ငံ၏စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။