၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဒီဇင်ဘာ ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း သည် ယနေ့ နံနက်ပိုင်းတွင် Virtual Forum အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်‌ကျော်လုံခြုံရေး ဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ ပူး‌ပေါင်းစီစဉ် ကျင်းပ ပြီး၊ အစည်းအဝေးပူးတွဲ သဘာပတိ အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ဥပဒေရေးရာ ညှိနှိုင်းရေးဝန်ကြီး HE Prof. Dr. Mahfud MD နှင့် သြစတြေးလျနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး The Hon Peter Dutton MP တို့က ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က  အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ကိုဗစ်-၁၉ အကျိုးသက်ရောက်မှုနှင့် ပြည်ပမှ အကြမ်းဖက်တိုက်ခိုက်သူများ (Foreign Terrorist Fighters regional preparedness) အပိုင်းတွင် လည်းကောင်း ပါဝင် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ပါသည်။ ယင်းကြေညာချက်တွင် ဝန်ကြီးများအနေဖြင့် နိုင်ငံတကာက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် COVID-19 ကပ်ရောဂါကြောင့် ဒေသတွင်း ကျန်းမာရေးစနစ်များ၊ စီးပွားရေးနှင့် လူ့အသိုက်အဝန်းများ ထိခိုက်ခံနေရမှုတို့ကို အလေးအနက်ထား၍ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင်ကြုံတွေ့ရသည့် မဟာဗျူဟာ လက်တွေ့စိန်ခေါ်မှုများနှင့် ဒေသတွင်းအန္တရာယ်ရပ်ဝန်းကိစ္စတို့ကို ဖြေရှင်းရေး အတွက် ဆွေးနွေးခဲ့ကြပါသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်တိုင် အကြမ်းဖက်သမားများက အစွန်းရောက်ဝါဒများကို ဖြန့်ကျက်ခြင်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြကြောင်း၊ ဝန်ကြီးများက နိုင်ငံတကာအကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကို ရှုံ့ချခဲ့ကြောင်း ထပ်လောင်း ပြောကြားကြပါသည်။

ယနေ့ကမ္ဘာတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းကို အရှိန်တိုးမြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ အရှေ့အလယ်ပိုင်းရှိ ပြည်ပမှ အကြမ်းဖက်တိုက်ခိုက်သူများ (Foreign Terrorist Fighters- FTF) အုပ်စုပြိုကွဲပြီးနောက် ဒေသတွင်းသို့ ၎င်းတို့ မိသားစုများနှင့် ပြန်လည် ဝင်ရောက်လာကြရာ ယင်းအချက်သည် ဒေသတွင်း လုံခြုံရေးကို ထိပါးလာနိုင်သည့် အန္တရာယ် တစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်များ အနေဖြင့် အစွန်းရောက် အကြမ်းဖက်ဝါဒ တားဆီးရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးများအနေဖြင့် အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ဒေသခွဲအစည်းအဝေးမှတစ်ဆင့် အန္တရာယ်ရပ်ဝန်းနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် ချမှတ်ရန်၊ ပြဿနာများဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဦးစားပေး သတ်မှတ်ရန်၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို တားဆီးရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် ရန်၊ အဆင့်မြင့်အရာရှိကြီးများဖိုရမ် တစ်ရပ်ထူထောင်ရန်နှင့် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးအဆင့် အစည်းအဝေးတစ်ကြိမ် ထပ်မံကျင်းပ ပြုလုပ်ရန် တို့ကိုလည်း သဘောတူညီခဲ့ကြပါသည်။

အစည်းအဝေး သို့ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။