၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မေလ ၇ ရက်


ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် UN Resident Coordinator ဖြစ်သူ Ola Almgren ဦးဆောင်သည့် EU ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အစ္စရေးနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNCDF၊ UNDP၊ UNESCO၊ UNFPA ၊ UNIDO ၊ UNOPS ၊ UNRCO၊ FAO မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ILO IMF၊ World Bank၊ ADB၊ DIFID၊ INGO Forum၊ JICA မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်း များဖြစ်သည့် UMFCCI ၊ MCPAD ၊ LRC တို့မှ ကိုယ်စားလှယ်များတို့သည် COVID -19 Economic Relief Plan-CERP နှင့်စပ်လျဉ်း၍ ပူးပေါင်း အကောင်အထည်ဖော်ရေး ကိစ္စရပ် များကို ယနေ့ နေ့လည် ၂ နာရီက Video Conference စနစ်ဖြင့် ဆွေးနွေးခဲ့ကြသည်။



အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက COVID -19 ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ဦးဆောင်၍ ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နေမှု၊ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (COVID -19 Economic Relief Plan-CERP) ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်  တွဲဖက်အတွင်းရေးမှူး(၁) ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းတို့က COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ဆိုင်ရာ မျှော်မှန်းချက်ပန်းတိုင်၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဘဏ္ဍာငွေစိစစ်တွက်ချက်ရန် အတွက် အချက်အလက်များ အသုံးပြုဆောင်ရွက်ရေးနှင့်စပ်လျဉ်းပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်ကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်အသီးသီးတို့က ပါဝင်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် COVID -19 စီးပွားရေးထိခိုက်မှုများကို သက်သာစေရန် ကုစားမှု အစီအစဉ်များအတွက် လမ်းပြမြေပုံအဖြစ် CERP ထုတ်ပြန်ခဲ့ခြင်းအပေါ် ကြိုဆို ထောက်ခံ ပါကြောင်း၊ CERP တွင် ဖော်ပြထားသည့် ပန်းတိုင်များသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက် ထားသည်ကို လည်း တွေ့ရပါကြောင်း၊ CERP ၏ ပန်းတိုင်၊ မဟာဗျူဟာနှင့် ရှေ့ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေ ပါကြောင်း ဆွေးနွေးခဲ့သည်။


COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ကို လက်တွေ့ အကောင်အထည် ဖော် ရာတွင် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့် သုံးစွဲရမည်ဖြစ်ကြောင်း ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေးပညာရှင်များက ခန့်မှန်းထားပါသည်။