၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC) ဒုတိယအကြိမ် အစည်းအဝေးကို ရုံးအမှတ် (၁)၊ နေပြည်တော်တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ပညာရေးဝန်ကြီးဌာနတို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက် မှုဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ အခြား IPC အဖွဲ့ဝင်များ၊ အတွင်းရေးမှူးဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ အမှာစကားပြောကြားရာတွင် "မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီနှင့် ယင်း၏လုပ်ငန်းအဖွဲ့ (၅) ဖွဲ့သည် အလွန်အရေးပါပါကြောင်း၊ တာဝန်ယူမှုရှိပြီး အရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေး မြှင့်တင်ခြင်းဖြင့် မျှတပြီး ကြွယ်ဝ သည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ များကို ထင်ဟပ်ရန် အရေးကြီးပါကြောင်း" ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ရင်းနှှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ချက် များ အပေါ် တင်ပြခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များမှ ၎င်းတို့၏ လုပ်ငန်းအဖွဲ့အလိုက် ရေးဆွဲထားသည့် နှစ်အလိုက် လုပ်ငန်းစဉ် (Annual Activities Plan) များအား အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးချက် များအပေါ် ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့မှ ပါဝင်သုံးသပ် ဆွေးနွေးခဲ့ကြပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ အတွင်းရေးမှူး က ဆွေးနွေးချက် များအပေါ် အနှစ်ချုပ်၍ ပြန်လည်၍ သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၂:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။