၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များ အသင်း၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန်စီးပွားရေး ဝန်ဆောင်မှု အဖွဲ့ တို့ပူးပေါင်း၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၌ ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ဖိုရမ်အား မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း(Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်း များအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ခြင်းဖြစ်ပါသည်။ဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြား ကြပါသည်၊၊ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel တို့မှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေရေးအတွက် “ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်လုပ်ကိုင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ၎င်းစိန်ခေါ်မှုများအတွက် မြန်မာ-ဂျပန်-အမေရိကန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းများအား ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ထို့နောက် မြန်မာ၊ ဂျပန် နှင့် အမေရိကန်နိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များက “ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍနှင့် မြန်မာ့ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ကြုံတွေ့နေရသည့်၎င်းတို့၏ စိန်ခေါ်မှုများ” ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြပါသည်။ဖိုရမ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် သံရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များသင်းချုပ်မှ ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ်များ၊ JICA နှင့် JETRO တို့မှ ကိုယ်စားလှယ်များ၊ ဂျပန်နှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာ များ စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။