၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Development Institute (KDI) မှ Senior Advisor ဖြစ်သူ H.E. Dr. HUR Kyung-wook ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားနေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၁ တွင် လက်ခံတွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံတွင် ပထမဆုံး စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Economic Innovation Partnership Program (EIPP) နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါ EIPP အစီအစဉ်သည် KDI မှ မြန်မာနိုင်ငံသို့ ပေးအပ်လျက်ရှိသော Knowledge Sharing Program (KSP) ၏ ပုံစံအသစ်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံမှ သုတေသနပြုလုပ်ချက်ရလဒ်များကို အခြေခံ၍ ကာလလတ်နှင့်ကာလရှည် ဖွံ့ဖြိုးမှုမဟာဗျူဟာ တည်ထောင်ရန်၊ စီမံကိန်းရေးဆွဲခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ တီထွင်ဖန်တီးခြင်းတို့ပါဝင်သည့်  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုံးစုံကောင်းမွန်သည့် မူဝါဒပေါ်ထွန်းရန် ရည်ရွယ်ပြီး (၁) နှစ်လျှင် စီမံချက် (၅) ခုခန့် ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။