၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်း နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ Victoria Cliff Hotel တွင် ကော့သောင်းကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် (၁၀၀၀)နာရီတွင်တွေ့ဆုံခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင် ဖက်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းသည် အလားအလာကောင်း များရှိသည့် ဒေသကြီးဖြစ်ကြောင်း၊ ခရီးသွား ကဏ္ဍများအား မြှင့်တင်ရာတွင် အရေအတွက် ထက်၊ အရည်အသွေးနှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးကို သေချာ စဉ်းစားရမည်ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း တနင်္သာရီတိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မိမိအနေဖြင့် စီးပွားရေးဝန်းကျင်တိုးတက်ရန် ကြိုးပမ်းမှုနေမှုနှင့် ဒေသအစိုးရနှင့်ဒေသခံများ၏ အရေးပါမှု အချက်(၂)ချက်ကို အဓိကထား ပြောကြားလိုကြောင်း၊ ရင်းနှီးမြှုပ်နံှမှုသည် ဒေသခံလူထု၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက် အကူပြုပါသဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်လျက်ရှိပြီး၊ တာဝန်ယူမှုရှိကာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြင့်တင်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ တနင်္သာရီတိုင်း၏ အဓိကစီးပွားရေး လုပ်ငန်းသည် ခရီးသွားလုပ်ငန်း ဖြစ်ပါသဖြင့် ရှိရင်းစွဲ သဘာဝအလှတရားများ ရေရှည်တည်တံ့အောင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားရန် လွန်စွာအရေးကြီးပါကြောင်း ထပ်လောင်းမှာကြားခဲ့ပါသည်။