၀န်ကြီးဌာနသတင်းများ

နေပြည်တော် အောက်တိုဘာ ၂၄

 

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်း စီမံကိန်းများ အနက် ပထမအဆင့်အဖြစ် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် လိုအပ်သော အထောက် အကူပြု အခြေခံအဆောက်အဦများကို ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူဆောင်ရွက်နိုင်ရန် Swiss Challenge တင်ဒါကော်မတီကို ၁၆-၇-၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။

 

အဆိုပါ Swiss Challenge တင်ဒါကော်မတီသည် စီမံကိန်းရင်းနှီးတည်ဆောက်သူကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု တို့ဖြင့် အလေးထားရွေးချယ်နိုင်ရန် နိုင်ငံတကာအကြံပေးကုမ္ပဏီများအနက် အကြံပေး ဝန်ဆောင်သူ (Transaction Advisor) အဖြစ် ဂျာမနီနိုင်ငံအခြေစိုက် Roland Berger နိုင်ငံတကာအကြံပေးအဖွဲ့ကို ရွေးချယ် လုပ်ငန်းအပ်နှံခဲ့ပြီး ဖြစ်သည်။

 

အကြံပေးဝန်‌ဆောင်သူ Roland Berger အနေဖြင့် Swiss Challenge တင်ဒါ လုပ်ငန်းစဉ်၏ ပထမအဆင့်အဖြစ် စီမံကိန်းရင်းနှီး တည်ဆောက်ရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest - EOI)များကို နောက်ဆုံးထားတင်သွင်းရန် သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် စင်ကာပူ၊ ဂျပန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ် နိုင်ငံအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံရှိ ကုမ္ပဏီ/အကျိုးတူ ပူးပေါင်း အဖွဲ့ (Consortium) ၁၆ ဖွဲ့ထံမှစိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (EOI) များ လက်ခံရရှိ ခဲ့ရာ မြန်မာနိုင်ငံရှိကုမ္ပဏီ (၂) ခုနှင့် အကျိုးတူ ပူးပေါင်းအဖွဲ့ (Consortium) (၂ ) ဖွဲ့တို့ ပါဝင်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)