၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဇွန် ၂၃


OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ပြုလုပ်ခဲ့ပါသည်။


အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးသောင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖော်ဆောင် ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် လျော့နည်းစေရေးနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းလွယ်ကူသည့်  ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ် ရင်းနှီးမြှုပ်မှု သုံးသပ်ချက်များ ပြုလုပ်ခဲ့သည်  အချိန်မှစ၍ မြန်မာနိုင်ငံအစိုးရ အနေဖြင့် OECD နှင့် ပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာ တိုးမြှင့် လုပ်ဆောင်ခဲ့ပါကြောင်း၊ ယခု ဒုတိယအကြိမ် သုံးသပ်မှု ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ ကောင်းမွန်လာ စေမည်ဟု ယုံကြည်ကြောင်းပြောကြားပါသည်။


ထို့နောက် OECD Investment Committee ဥက္ကဋ္ဌ Mr. Manfred Schekulin နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး တို့က မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ပြုပြင်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပါသည်။


၂၀၁၄ ခုနှစ်တွင် OECD ၏ ပထမအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် သုံးသပ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သုံးသပ်ချက် များသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် လွယ်ကူချောမွေ့စေရေး၊ ဘဏ္ဍာရေးကဏ္ဍ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျ လုပ်ကိုင်ခြင်းနှင့် အခြေခံအဆောက်အအုံစသည့် နယ်ပယ် ၁၀ ခုအပေါ်တွင် အခြေခံသုံးသပ်ခြင်းဖြစ်ပါသည်။


ပထမအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အတွက် အရေးကြီးသော ဥပဒေနှစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဉပဒေတို့ကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ယခု OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက်မူကြမ်းတွင် ရင်းနှီးမြှုပ်နှံမှ မူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ တာဝန်ယူမှု ရှိသောစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် လုပ်သာကိုင်သာရှိအောင်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မူဘောင်၊ စီးပွားရေးဇုန်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း၊ အာမခံချက်ရှိပြီး ရှင်းလင် ကောင်းမွန်သော မြေအသုံးချခွင့်ကို မြှင့်တင်ဆောင်ရွက်ခြင်းစသည့် နယ်ပယ် ၇ ခု ကို အခြေခံ၍ သုံးသပ်ထားပါသည်။