၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဩဂုတ်လ ၂၈ ရက်


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးသည် Video Conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-အမေရိကန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် (၄) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင်(တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၉) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ လည်းကောင်း ပြည်ထောင်စုဝန်ကြီးကိုယ်စား ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက်သည်။

(၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသအကောင်အထည်ဖော် ဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များအပေါ် ဆွေးနွေးကြသည်။

အမြဲတမ်းအတွင်းဝန်က အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဒေသအဆင့်မြှင့်တင် ခြင်း ဆောင်ရွက်မည့် အစီအစဉ်တွင် လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားရောဂါ ကင်းစင်စေရေး (Sanitary and Pythosanitary - SPS) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများတွင် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ပူးပေါင်းဖြေရှင်းရန်လိုကြောင်း ဆွေးနွေးခဲ့ သည်။

မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသော အာဆီယံ-အမေရိကန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့် ၂၀၂၀-၂၀၂၁ မူဘောင်လုပ်ငန်းအစီအစဉ်တို့အပေါ် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးမှုကွာဟချက် နည်းပါးစေရေးအတွက် နည်းပညာဆိုင်ရာအကူအညီများပေးရန်နှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ နည်းပညာအကူအညီများ ဆောင်ရွက်ပေးရန် တိုက်တွန်း ဆွေးနွေးသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့ နံနက်တွင် ကျင်းပသော (၄) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင်(တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၊ စီးပွားရေး နှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှု အခြေအနေကို ဆွေးနွေးကြသည်။
အမြဲတမ်းအတွင်းဝန်က ဟောင်ကောင် (တရုတ်)အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ PPE ဝတ်စုံများနှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် တိုက်တွန်း ပြောကြားပြီး စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်အောက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ စီမံချက် (၂) ခုသည် အာဆီယံနှင့် ဟောင်ကောင် (တရုတ်)တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် (၂၆) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ် အသက်ဝင်ရေးအပေါ် ဆွေးနွေးပြီး ဂျပန်နိုင်ငံက အဆိုပြုသည့် “Dialogue for Innovative and Sustainable Growth (DISG)” စတင်မိတ်ဆက်ခြင်းကို ကြိုဆို ကြသည်။

မွန်းလွဲပိုင်းတွင် (၉) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဝန်ကြီးများက အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ဆောင်ရွက်မည့် “Joint Response to the Coronavirus Outbreak" ဆွေးနွေးပွဲနှင့် အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်အောက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြပြီး အာဆီယံနှင့် ယူရေးရှား စီးပွားရေး ကော်မရှင် တို့အကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၁၉-၂၀၂၀) ကို ၂၀၂၅ သို့ သက်တမ်းတိုးမြှင့်ခြင်းကို အတည်ပြု ကြသည်။

ထို့နောက် ဆက်လက်ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံအပေါင်းသုံး စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ၌ ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအ ပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲလေ့လာချက် အစီရင်ခံစာကို မှတ်တမ်းတင်ပြီး COVID-19 ကပ်ရောဂါ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျော့ပါးစေရေးအတွက် ရည်ရွယ် ရေးဆွဲထားသည့် အာဆီယံ အပေါင်းသုံး လုပ်ငန်းအစီအစဉ်ကို အတည်ပြုကြသည်။