၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ ဖွံ့ဖြိုးမှု အကူအညီ များ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit- DACU) ဒုတိယဥက္ကဋ္ဌ-၂ ဦးသောင်းထွန်း သည် နေပြည်တော် MICC 2 ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိထိရောက်စေရေး စကားဝိုင်းဆွေးနွေးပွဲ (2nd Myanmar Development Effectiveness Roundtable) ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ADB၊ DFID၊ Italy၊ EU၊ Germany၊ GIZ၊ JICA၊ KOICA၊ UNOPS၊ USAID၊ World Bank Group နှင့် other UN and INGOs အဖွဲ့အစည်းများ ပူးပေါင်းစီစဉ်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် မိတ်ဖက်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် (၄၀၀) ကျော် တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် -

မိမိတို့နိုင်ငံ၌ လူမှုစီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် မိမိတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအကြား စိတ်တူကိုယ်တူ ပူးပေါင်း ဆောင်ရွက်မှုများ မရှိဘဲ တိုးတက်မှုများ ရှိလာနိုင်မည်မဟုတ်ပါကြောင်း၊

ယခုနှစ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်းမှာ စိတ်တူကိုယ်တူရှိသည့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လိုမှုကို ပြသခြင်းဖြစ်ပါကြောင်း၊

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပထမအကြိမ် မြန်မာဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲ အပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါကြောင်း၊

နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် အရည်အသွေးပြည့်ဝသည့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန် လုပ်ဆောင်ရင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်လာသည့် ဖွံ့ဖြိုးမှု အကူအညီများကို ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် အသုံးပြုရေးကို ပိုမိုတိုးမြှင့် နိုင်ရေးအတွက် လုပ်ဆောင်နေပါကြောင်း၊

မဟာဗျူဟာမြောက် ရည်မှန်းပြီး ပေးအပ်လာသည့် ဖွံ့ဖြိုးမှု အကူအညီမှာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေသည့် ပတ်ဝန်းကျင်ဖြစ်စေရေးဆောင်ရွက်မှုတွင် အရေးပါ သည် အခန်းကဏ္ဍမှ ပါဝင်လာနိုင်မှာဖြစ်ပါကြောင်း၊

ဖွံ့ဖြိုးမှုအကူအညီသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်း၊ စီးပွားရေး တိုးတက်မှုကို အထောက်အကူပေးခြင်း၊  အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခြင်း နှင့် နည်းပညာ လွှဲပြောင်းရယူမှု လွယ်ကူချောမွေ့စေခြင်းနှင့် အသိအမြင်မျှဝေခြင်းများ အတွက် မောင်းနှင်အား ဖြစ်သည့်အတွက် အဆိုပါ ရည်မှန်းချက်များ အကောင်အထည်ဖော်ပေးနိုင်ရေး အတွက် လိုအပ်သည့် ဦးဆောင်မှုကို  မိမိတို့ဝန်ကြီးဌာန မှ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊

မိမိတို့အားလုံးသွားရောက်လိုသော ပန်းတိုင်ဖြစ်သည့် အေးချမ်းသာယာဝပြောသည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ရောက်ရှိနိုင်ရေးအတွက် ရှေ့လာမည့်နှစ်များတွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများ ကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ယခုဆွေးနွေးပွဲ၌ ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊

ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိကာ ဦးတည်ချက်ထားရှိပြီး ပေးအပ်သည့် ကူညီထောက်ပံ့မှု များမှာ မြန်မာနိုင်ငံ အနာဂတ်အောင်မြင်ရေးအတွက် ခိုင်မာသည့် အခြေခံများဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံ၏အခြေအနေနှင့်  နိုင်ငံ၏ ဦးစားပေး နယ်ပယ်များကို အသေအချာ နားလည်ပြီး၊  အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုကို ဗဟိုပြုသည့်  မိတ်ဖက်များမှ ပေးအပ်လာသည့် ဖွံ့ဖြိုးမှုအကူအညီများသာလျှင် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာနှင့် ရေရှည် အထောက်အပံ့ဖြစ်မှာဖြစ်ပါကြောင်း၊

DACU ကို တည်ထောင်ရသည့် မူဝါဒများသည် မိမိတို့အတွက် ရှေ့ဆက်အသုံးပြုရမည့် လမ်းညွှန်ချက် မူဝါဒများဖြစ်ပါကြောင်း၊

မိမိတို့အားလုံးပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်လေးစား နားလည်းခြင်းသည်သာလျှင် မြန်မာနိုင်ငံကို ပေးအပ်လာသည့် ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုကို တိုးမြှင့်နိုင်မည်ဖြစ် ပါကြောင်း၊

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခိုင်မာသည့် ထောက်ပံ့မှုနှင့်အတူ မိမိတို့၏ DAP အကြားတွင် ထားရှိသည့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ပြန်လည် အားဖြည့်ခြင်းနှင့်အတူ ရှေ့ဆက်ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ၏ ခေတ်သစ်တစ်ခုဆီသို့ ရောက်လုနေပြီဟု ယုံကြည်ပါကြောင်း၊