၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မေ ၇


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တို့သည် ယနေ့၊ နံနက် ၁ဝ နာရီခွဲ တွင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးလုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ဆိုင်ရာ Country Director , Ms. Mariam J. Sherman ဦးဆောင်သော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပြုလုပ်သည့် Teleconference သို့ တက်ရောက်ကြသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဦးသောင်းထွန်းတို့က မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေးဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကြောင့် အများဆုံး ထိခိုက်ခံခဲ့ရသည့် CMP, Tourism နှင့် SMEs များသို့ ကိုဗစ်-၁၉ ရန်ပုံငွေထူထောင်၍ ပံ့ပိုးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးသည်။


ထို့ပြင် ပြည်ထောင်စု ဝန်ကြီးများက နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့အစည်းများ ဖြစ်ကြသော ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund–IMF) တို့မှ အတိုးနှုန်း သက်သာ သော ချေးငွေများနှင့် ထောက်ပံ့ငွေများ ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းနေမှုများနှင့် လယ်ယာ လုပ်ငန်း ကဏ္ဍတွင် လယ်သမားများသို့ ချေးငွေများ အမြန်ဆုံး ပံ့ပိုးပေး နိုင်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေး သည်။

ယင်းနောက် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ US/USAID, UK/DFID, Australia/DFAT, Japan International Cooperation Agency (JICA), Asian Development Bank (ADB) နှင့် IMF တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ Economic Relief Plan (CERP) အား ကြိုဆို ကြသည်။ ၎င်းတို့က CERP အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးကူညီ သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ COVID-19 response activities များအတွက် ပံ့ပိုးပေးသည့် ငွေကြေးနှင့်အကူ အညီများကို လျင်မြန်စွာ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များအား တင်ပြ ဆွေးနွေး ကြသည်။


ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေး ဆောင် ရွက် မှုများ အောင်မြင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များက ယခုကဲ့သို့ ဝိုင်းဝန်း ကူညီပံ့ပိုးပေးမှုများ အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများက ချေးငွေနှင့် ထောက်ပံ့ငွေများ အများဆုံးသုံးစွဲကြမည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန များနှင့် အမြန်ဆုံးညှိနှိုင်းဆွေးနွေး ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လစဉ် ပုံမှန်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

အဆိုပါ Teleconference သို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ဦးဗရတ်ဆင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ် )