၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဖေဖော်ဝါရီ  ၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီးသည် ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန (နေပြည်တော်) နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဉီးစီးဌာနတို့မှ ဝန်ထမ်းများအား ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၁)၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရေးကြီးသော ကဏ္ဍကြီးနှစ်ရပ်ဖြစ်သည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ အကူအညီ၊ အထောက် အပံ့၊ ချေးငွေဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေသည့်ဌာနဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများအားလုံး ကြန့်ကြာမှုမဖြစ်စေဘဲ လုပ်ထုံးလုပ်နည်းမှန်ကန်စွာဖြင့် မြန်ဆန်၍ ပြေပြစ်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ် များတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဉပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်း အားလုံး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပြီး ပြည်သူလူထုကို ဝန်ဆောင်မှု အပြည့်အဝပေး နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

 အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်း စုစုပေါင်း (၉၂) ဉီး တက်ရောက်ခဲ့ပါသည်။