၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း သည် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “နီပေါရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ၂၀၁၉” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်လျက်ရှိပါတယ်။

အဆိုပါထိပ်သီးအစည်းအဝေးကို နီပေါရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှု၊ စီးပွားရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က နိုင်ငံတကာမှ ရင်နှီးမြှုပ်နှံမှု များ ဖိတ်ခေါ်ရန် ပူးတွဲကျင်းပခြင်းဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နီပေါနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Khadga Prasad Oli နှင့် နီပေါ ဘဏ္ဍာရေးဝန်ကြီး Dr. Yuba Raj Khatiwada တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း အမှာစကားပြောကြားခဲ့ပါတယ်။

နီပေါဝန်ကြီးချုပ်မှ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကာ အကွယ်ပေးရေးတို့သည့် အရေးပါကြောင်း ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နီပေါနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်း၊ ပို့ကုန်တိုးမြှင့် ထုတ်လုပ်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းတို့ ဆောင်ရွက်သကဲ့သို့  အနာဂတ်တွင် စားနပ် ရိက္ခာဖူလုံရေးမှာ အရေးကြီးသဖြင့် စိုက်ပျိုးရေးကဏ္ဍကိုလည်း အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား အပြီးတွင် နီပေါနိုင်ငံသမ္မတ H.E. Mrs. Bidya Devi Bhandari အား နီပေါသမ္မတအိမ်တော်သို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးသည် နီပေါဝန်ကြီးချုပ်  H.E. Mr. K.P. Sharma Oli နှင့်လည်းကောင်း၊ စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Barsaman Pun နှင့် လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် နီပေါ ရုပ်/သံ မီဒီယာအချို့မှ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြားကာ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ တို့အကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။