၀န်ကြီးဌာနသတင်းများ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် နားလည်မှုစာလွှာ (Letter of Understanding - LoU) လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (သောကြာနေ့) မွန်းလွဲ ၀၂:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


နားလည်မှုစာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် WFP Country Director and Resident Representative ဖြစ်သူ Mr. Stephen Anderson တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ WFP နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ အရာရှိကြီးများ နှင့် WFP မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် WFP တို့ ညှိနှိုင်းဆွေးနွေးရေးဆွဲထားခြင်း ဖြစ်ပြီး စုစုပေါင်းခန့်မှန်းရန်ပုံငွေေ အမေရိကန်ဒေါ်လာ ၃၁၀.၈၀ သန်းဖြင့် သဘာဝဘေးနှင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများရှိပြည်သူများအတွက် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာဖူလုံရေး နှင့် အာဟာရ ပြည့်မီရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ထိခိုက်လွယ် ပြည်သူများအတွက် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာဖူလုံမှုရှိရေး၊ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးများ အတွက် အာဟာရပြည့်မီရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၂.၇၉ သန်း ခန့် အကျိုးခံစားခွင့်များရရှိနိုင်မည် ဖြစ်ပါသည်။