၀န်ကြီးဌာနသတင်းများ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် UNFPA ၏ စတုတ္တအကြိမ် နိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၂၂) ဆိုင်ရာ Letter of Agreement (LoA)ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA ကိုယ်စား ရန်ကုန်မြို့ရှိ UNFPA Representative ဖြစ်သူ Mr. Ramanathan Balakrishnan တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၀၂:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအ‌ဝေးခန်းမ၌ လက်မှတ်ရေးထိုးသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ လုပ်ငန်းအစီအစဉ်ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် UNFPA တို့မှ တာ၀န်ရှိ ပုဂ္ဂိုလ်များ တက်ရောက်သည်။

UNFPA ၏ စတုတ္ထအကြိမ် အကူအညီပေးရေးအစီအစဉ် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲထားခြင်းဖြစ်ပြီး ယင်းနိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၂၂) အရ UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀.၅) သန်း၊ အခြား ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉.၅) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၀.၀) သန်းဖြင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေ ဆိုင်ရာကဏ္ဍများတွင် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာနနှင့် အဆိုပါ LoA ကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

UNFPA အနေဖြင့် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်များအား ယခင်ကလည်းဆောင်ရွက်ခဲ့ရာ ပထမအကြိမ် (၂၀၀၂-၂၀၀၆) ကို  အမေရိကန်ဒေါ်လာ (၁၆) သန်းဖြင့် လည်းကောင်း၊ ဒုတိယ အကြိမ် (၂၀၀၇-၂၀၁၁) ကို အမေရိကန်ဒေါ်လာ (၂၅.၂) သန်းဖြင့်လည်းကောင်း၊ တတိယအကြိမ် (၂၀၁၂-၂၀၁၇) ကို အမေရိကန်ဒေါ်လာ (၃၇.၅) သန်းဖြင့်လည်းကောင်း မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။