၀န်ကြီးဌာနသတင်းများ

(၁၅-၁၁-၂၀၂၀ ရက်၊ နေပြည်တော်) 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် 

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

၂။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် န ယူးဇီလန်နိုင်ငံတို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

၃။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ဒေသအနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသ၏ကြံ့ကြံ့ခိုင်နိုင်နိုင်စွမ်းကို တည်ဆောက်ရာတွင် သဘောတူစာချုပ်သည်  အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာမူဘောင်များတွင် အာဆီယံ၏အချက်အချာကျမှုကို တိုးမြှင့်ရာ၌ အထောက်အကူပြုပြီး၊ အာဆီယံနှင့် ဒေသဆိုင်ရာမိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမည့် အဆိုပါသဘောတူစာချုပ်သည် အာဆီယံက ဦးဆောင်သည့် ရည်မှန်းချက်အကြီးမားဆုံးသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

၄။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဗိသုကာအပေါ် အများ ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသ လိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီး စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးအတွက်  မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း၊ သဘောတူစာချုပ်တွင်ပါဝင်သည့် ပြဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၅။ ထိပ်သီးအစည်းအဝေးအပြီးတွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ အာရှ-ပစိဖိတ်ဒေသရှိ (၁၅) နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။ 

၆။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင်ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်းအနားနှင့် အာဆီယံ ဥက္ကဌတာဝန်ကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ သည်။ အခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီး နောက် အာဆီယံဥက္ကဌအထိမ်းအမှတ်တူ တစ်ခုကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဘရူနိုင်းဘရင်မင်းမြတ်က မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

၇။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စတုတ္ထအကြိမ်မြောက်ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများပိတ်ပွဲ အခမ်းအနားတို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

Credit: MOFA



Credit: MOFA