၀န်ကြီးဌာနသတင်းများ

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အတွက် (၅) နှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၁) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ Department of Outward Investment and Economic Cooperation ၏ ညွှန်ကြားရေးမှူးချုပ် Mr. Wang Shengwen တို့ကဦးဆောင်၍ နှစ်ဖက် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ယခုအစည်းအဝေးသည် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မည့် (၅) နှစ် ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအကောင်အထည် ဖော်ရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး အစည်းအဝေးတွင် ၂၀၂၀ ခုနှစ်မှစ၍ နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်ကိုယ်စားလှယ်များက ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။