၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မတ် ၁ ရက်


အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်မည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Quick Impact Project - QIP) ၅ ခုအတွက် နားလည်မှုစာချွန်လွှာ (MoU) များကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပြည်သူများအတွက် အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေမည့် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ ဖြစ်သော ဘေလီတံတား တည်ဆောက်ခြင်း၊ မြို့နယ်ခန်းမဆောင် တည်ဆောက်ခြင်း၊ အသေးစား လေစွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာ E-Library တည်ဆောက်ခြင်းနှင့် အပူပိုင်းဇုန်တွင် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေး စီမံကိန်းများကို သတ်မှတ်ကာလအတွင်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် MoU များ လျင်မြန်စွာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြား သည်။ အစည်းအဝေး တက်ရောက်လာသူများက ၎င်းတို့နှင့် သက်ဆိုင်သည့် စီမံကိန်းဆိုင်ရာ MoU များ လက်မှတ်ရေးထိုးရေးအတွက် တင်ပြ ဆွေးနွေးကြသည်။  

အဆိုပါ အစည်းအဝေးသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။