၀န်ကြီးဌာနသတင်းများ



 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂  ရက်

နေပြည်တော်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် “India Myanmar Chamber of Commerce (IMCC) Catalog 2020 ထုတ်ပြန်ခြင်း” အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အိန္ဒိယ - မြန်မာစီးပွား ဆက်ဆံမှုသည် လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက အခြေတည်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁,၃၁၃ သန်းခန့် ရှိပါကြောင်း၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် ခွင့်ပြုထားပြီးဖြစ်သော အိန္ဒိယ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၅ ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၇၃ သန်းခန့် ရှိပါကြောင်း၊ မြန်မာအစိုးရ အနေဖြင့် လုပ်သာကိုင်သာရှိပြီး ပို၍ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဖန်တီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အနာဂတ်တွင် နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များစွာရှိသည့် မြန်မာနိုင်ငံတွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူများ ပိုမိုရင်းနှီးမြှုပ်နှံရေး အတွက် ဖိတ်ခေါ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ မျက်မှောက်ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အခြေအနေ၊ အိန္ဒိယရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ဆက်လက်၍ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ပြောကြားရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းများစွာရှိသော မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များကိုဆွဲ‌ဆောင်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။


ထို့နောက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ ကိုးကားဆောင်ရွက်မှု ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဥပဒေရေးရာဝန်းကျင်အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များကို ဖော်ပြထား သော IMCC Catalog 2020 ကို ထုတ်ပြန်ပါသည်။


     အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးဦးဗရတ်ဆင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Saurabh Kumar ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဉီးဇော်မင်းဝင်း၊ India Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr. Sunil Seth နှင့် အသင်းသူအသင်းသားများ စုစုပေါင်း ( ၈၀ ) ဦးခန့် တက်ရောက်ကြသည်။