ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုက မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၈၁၈ သန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သြဂုတ် ၄ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ သိရသည်။
ဝင်ရောက်လုပ်ကိုင်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုတွင် အဆိုပြု အဆိုပြုလုပ်ငန်း လေးခုနှင့် အတည်ပြုလုပ်ငန်း ၁၃ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ စက်မှုကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် ဆောင်ရွက်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောကြားသည်။
စက်မှုလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။ စီမံကိန်းအောက်မှာ ကော်မတီ ငါးခု ရှိတယ်။ ဒီကော်မတီငါးခုမှာလည်း စက်မှုကဏ္ဍမြှင့်တင်ရေး ကော်မတီ ဆိုတာရှိတယ်။ ဒီစီမံကိန်းအရ စက်မှုကဏ္ဍဘက်ကို ဦးစားပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမှာပါဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း ဝင်ရောက်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇၄၇ ဒသမ ၆၄၅ သန်းရှိကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။