၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော 4th Belt and Road Summit 2019 သို့ တက်ရောက်ခဲ့ပါသည်။

4th Belt and Road Summit 2019 အား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ တို့မှ ကြီးမှူး၍ ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်တွင်ရှိသည့် နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ် ကျင်းပခဲ့ပါသည်။ စတုတ္ထအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ ၂၀၁၉ ကျင်းပခြင်းဖြင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေးအမြင်များဖလှယ်နိုင်ခြင်း၊ အစိုးရကဏ္ဍမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များအကြား ခိုင်မာသည့် စီးပွားရေးအခွင့်အလမ်းများအား ဖော်ထုတ်နိုင်ခြင်းတို့ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ညီလာခံသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်တွင်ရှိသည့် နိုင်ငံပေါင်း (၆၉) နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၅၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စတုတ္ထ အကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ကျင်းပသော Policy Dialogue Session and Luncheon သို့ ဆက်လက် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးမှ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ရာတွင် ဟောင်ကောင်နှင့်မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့် တည်နေရာတွင် ရှိနေသည့် နိုင်ငံများဖြစ်ကြောင်း၊ ဟောင်ကောင်သည် တရုတ်နိုင်ငံသို့ သွားရောက်နိုင်သည့် အဓိက စီးပွားရေးဝင်ပေါက်တစ်ခု ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ဗဟိုချက်ဒေသတစ်ခုလည်း ဖြစ်ကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒေသတစ်ခု ဖြစ်သလို မြန်မာနိုင်ငံသည်လည်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား သော်လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်တွင် ရှိသော နိုင်ငံများနှင့်သော်လည်း ကောင်း အကျိုးကျေးဇူးများကို မျှဝေခံစားလျက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် Dashun Foundation မှ တည်ခင်းဧည့်ခံ သည့် Belt and Road ASEAN Night တွင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Belt and Road Annual Roundtable အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပါဝင်ဆွေးနွေးရာ၌ ယခုအခါ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ နိုင်ငံများတွင် စီးပွားရေး လွယ်ကူချောမွေ့စေရေးအတွက် ဖြေလျော့ပေးမှုများ ရှိနေသကဲ့သို့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများကို ကျင့်သုံးနေသည်လည်းရှိပါကြောင်း၊ အဆိုပါ နိုင်ငံစုံနှင့် ဒေသဆိုင်ရာအုပ်စုတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့်  အာဆီယံနိုင်ငံများနှင့် သာမက ဆွေးနွေးဖက်နိုင်ငံများနှင့်ပါ ချိတ်ဆက်၍ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်း ချိတ်ဆက်မှုမှာ ကျောက်ဖြူမှ ဂွမ်ဆီ-ယူနန်အထိ ချိတ်ဆက်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ ရေးဆွဲထားသော Myanmar Sustainable Development Plan သည်လည်း Belt & Road Initiative အကောင်အထည်ဖော်မှုအား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု တိုးမြှင့်ခြင်းဖြင့် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး သည် Chief Executive of the Government of the Hong Kong SAR ၏ အမှုဆောင်အရာရှိချုပ် Mrs. Carrie Lam နှင့် Commerce and Economic Development of the Government of the Hong Kong SAR ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အတွင်းရေးမှူး ဖြစ်သူ Mr. Edward Yau တို့နှင့် အသီးသီး တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ် (၂) ဦး လိုက်ပါသွားကြပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။