နေပြည်တော် ၊ မတ်လ ၃ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီးသည် မတ်လ ၃ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများသီးသန့်အစည်းအဝေး၏ ဒုတိယနေ့အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးဒုတိယနေ့တွင် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်၌ အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) နှင့်ပတ်သက်သောကိစ္စရပ်များ အကောင် အထည် ဖော်မှုအခြေအနေ ၊ COVID -19 ကပ်ရောဂါကို တုံ့ပြန်ရန်အတွက် ရေးဆွဲချမှတ်ခဲ့သည့် ဟနွိုင်းရှေ့လုပ်ငန်းစဉ်အောက်ရှိ အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲ အရေးကြီးကုန်စည်များစာရင်းတွင် လယ်ယာထွက်ကုန်နှင့် စားသောက် ကုန်စည်များ ထပ်မံထည့်သွင်းရေးကိစ္စ၊ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တွင် အာဆီယံအနေဖြင့် ပိုမိုပူးပေါင်းပါဝင်နိုင်ရေးကိစ္စနှင့် ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အာဏာသက်ဝင်ရေးအတွက် နိုင်ငံအလိုက်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်ကို အကောင်အထည်ဖော်ရာတွင် စောင့်ကြည့်စစ်ဆေးရန်အတွက် အထောက်အကူ ပြုအဖွဲ့ ထူထောင်ခြင်းမှာ လိုအပ်သည့်ကိစ္စဖြစ်သည့်အတွက် အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အာဏာ သက်ဝင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို စောနိုင်သမျှပြီးစီးအောင် ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှစီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။