၀န်ကြီးဌာနသတင်းများ


နေပြည်တော် ၊ ဩဂုတ်လ ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း သည် ယနေ့နံနက် ၈: ၃၀နာရီ မှ စတင်၍ Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၅၂) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံစီးပွားရေးဝန်ကြီးများက လက်ရှိကမ္ဘာနှင့် ဒေသတွင်း ပြောင်းလဲတိုးတက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက် မှုများ၊ အာဆီယံစီးပွားရေးအသိုက်အဝိုင်းကို အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ ဗီယက်နမ်နိုင်ငံ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူစဉ် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ကုသထိန်းချုပ်ရေးနှင့် စီးပွားရေးကုစားမှုအစီအစဉ်များကို ကိုဗစ်-၁၉စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ရေးဆွဲ၍ တစ်မျိုးသားလုံး လက်တွဲပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံနှင့် အနာဂတ်တွင်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေစာချုပ်ချုပ်ဆိုရန် အလားအလာရှိသည့် နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေများ၊ စည်းမျဉ်းအခြေခံကုန်သွယ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်လိုအပ် မှုများ၊ အေအီးစီကို အကောင်အထည်ဖော် ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးတွင် စီးပွားရေး ဝန်ကြီးများက ဒေသတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ စားသုံးသူ ကာကွယ်ပေးရေး၊ Electronic Commerce၊ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး သဘာပတိ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E. Tran Tuan Anh နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့်စီးပွားရေး အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။