၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ နိုဝင်ဘာ ၆


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Mr. Ranieri Sabatucci အား ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ပါသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  အီးယူသံအမတ်ကြီး အား ကြိုဆိုပါကြောင်းနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများကိုလည်းကောင်း၊  ပွင့်လင်း မြင်သာမှုရှိသည့် ယှဉ်ပြိုင်တင်ဒါလုပ်ငန်းစဉ်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာရေးမြင့်မားရေး၊ အာဟာရပြည့်ဝရေးနှင့် အစိုးရအဖွဲ့ အစည်းများ၏ မူဝါဒရေးဆွဲချမှတ်ရာတွင်လည်းကောင်း၊ အဖွဲ့အစည်းများ စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက်လည်းကောင်း၊ နည်းပညာနှင့် တိုက်ရိုက် ဘတ်ဂျတ် အထောက်အပံ့ပေးခဲ့မှု များနှင့် အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်ထိခိုက်ခဲ့သည့် အထည်ချုပ် လုပ်ငန်းနှင့် ဖိနပ်စက်ရုံတို့မှ လုပ်သား ၇၀၅၀၀ အတွက် မြန်ကူ ရန်ပုံငွေ ထူထောင်၍ မြန်မာကျပ်ငွေ ၅.၄ ဘီလီယံ အထောက်အပံ့ပေးခဲ့မှုကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိမ်းရောင် စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် အီးယူနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရန်ကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြပါသည်။


ထို့အပြင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိသည့် နယ်ပယ်များဖြစ်သော စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင် ဥရောပသမဂ္ဂမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရရှိရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။