၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Scot Marciel နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alexander C. Feldman တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၁: ၃၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ လက်ခံတွေ့ဆုံ သည်။

ထို့သို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို ရရှိလာသည့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့ဝင်ကုမ္ပဏီများဖြစ်သည့် Abbott ၊ Amazon ၊ Bower Group Asia ၊ Chevron ၊ MasterCard၊ Visa ၊ Ford ၊ Google ၊ Coca-Cola ၊ Chubb နှင့် Diageo ကုမ္ပဏီများက ၎င်းတို့၏ လက်ရှိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အပေါင်းလက္ခဏာဆောင်သော လက်ရှိ စီးပွားရေးဝန်းကျင် အခြေအနေကို အမေရိကန်နိုင်ငံရှိ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို တစ်ဆင့် စကား ပြောကြားပေးစေလိုကြောင်း၊  မိမိတို့အနေဖြင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ(ASEAN Free Trade Area-AFTA) ကို ထူထောင်ပြီး ဖြစ်သည့်အပြင် လာမည့် နိုဝင်ဘာလတွင် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ကို အပြီးသတ်တော့မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၌သာမက ဒေသတွင်း၌ပါ  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များ ပိုမို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။