၀န်ကြီးဌာနသတင်းများ


နေပြည်တော် ဇွန် ၃


ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ကကြီးမှူး၍ Video Conference စနစ်ဖြင့် ယနေ့ ၁၉:၀၀ အချိန် ကျင်းပသည့် COVID Action Platform Global Leaders Virtual Meeting ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပါဝင်တက်ရောက်သည်။


အစည်းအဝေးတွင် “Great Reset Initiative” ကို စတင်မိတ်ဆက်ခဲ့ပြီး ၊ အဆိုပါအစီအစဉ် သည် COVID-19 ကာလ အလွန် တရားမျှတပြီး အားလုံးပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များနှင့် အလျင်အမြန်ဆောင်ရွက်ရမည့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဖော်ဆောင်ရန် ကတိကဝတ်ပြုမည့် အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။


အစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Founder and Executive Chairman ဖြစ်သူ Klaus Schwab က မိမိတို့ ကမ္ဘာကြီးသည် လူသားတို့၏ တီထွင်ဖန်တီးမှု အကျိုးဆက်များ ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသည့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချရေးမှာလည်း ယခုထက်တိုင် နှေးကွေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး ရေရှည်တည်တံ့ စေရေးအတွက် လူသားတို့၏ ပြုမူလုပ်ဆောင်ချက်များကို ပြန်လည် စဉ်းစားသုံးသပ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။


ဗြိတိန်နိုင်ငံ HRH The Prince of Wales က ဆွေးနွေးပြောကြားရာတွင် မိမိတို့ အနာဂတ်ဘဝ လုံခြုံ စိတ်ချစေရန်အတွက် လက်ရှိဆောင်ရွက်နေသော စီးပွားရေးပုံစံကို ပြောင်းလဲ လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ လူသားနှင့် ကမ္ဘာမြေကြီးကို စံတန်ဖိုးထားမှုများအဖြစ် ထိန်းသိမ်းရန် လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါဘေးကြီး ဖြစ်ပွားနေမှုမှ သင်ခန်းစာများ ရယူကာ သဘာဝတရားကို အကောင်းဆုံးဖြစ်အောင် မည်သို့ ဆောင်ရွက်မည်ကို သတိပြုရန် လိုအပ်ကြောင်းကို အကြံပြုဆွေးနွေးခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ချားလ်မင်းသားနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Founder and Executive Chairman ဖြစ်သူ Klaus Schwab နှင့်အတူ COVID Action Platform အား အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အခြားနိုင်ငံများမှ ကမ္ဘာ့ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် Stakeholders များပါဝင် တက်ရောက်ခဲ့ကြသည်။