၀န်ကြီးဌာနသတင်းများ


(မန္တလေး၊ မေ ၁၅ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်ဘူတာအနီးရှိ KM Terminal and Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ ကုမ္ပဏီ၏ Phase 2 လုပ်ငန်းများ တိုးချဲ့  ဆောင်ရွက်နေမှု အခြေအနေနှင့်  Phase 1 ရှိ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
 ကုမ္ပဏီ၏ ရှင်းလင်းဆောင်တွင် ကုန်းတွင်းဆိပ်ကမ်း၏ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို Mother Logistic Co., Ltd. ၏  ဒါရိုက်တာဖြစ်သူ ဦးဝင်းနိုင်ညွှန့်က ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်သည့် အနာဂတ် အလားအလာများကို လည်းကောင်း၊ အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍက ပူးပေါင်းဆောင်ရွက်ပေးရန် ကိစ္စများနှင့် ကုန်းတွင်းဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စများ လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌနှင့်အတူ နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရှိ Pullman Mandalay Mingalar Hotel ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဤသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက  လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲနေသည့် အခြေအနေများသည် လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံရေး အပြောင်းအလဲတွင် နိုင်ငံ၏ စီးပွားရေးထိခိုက်မှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲပြီး ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဆုတ်ယုတ်ကျဆင်းခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးပြန်လည် တည့်မတ်ရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ကာလတိုအတွင်း စီးပွားရေး ပြန်လည် ဦးမော့လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ ချပြထားပြီး ဖြစ်သည့်အပြင် ဦးတည်ချက်များကိုလည်း ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဦးတည်ချက်များ အနက်မှ စီးပွားရေးဆိုင်ရာ ဦးတည်ချက်ကို ပြန်လည်သုံးသပ်ကြည့်လျှင် နိုင်ငံတော်၏ ပကတိ အခြေအနေအရ ချက်ချင်းစတင် လည်ပတ်ဆောင်ရွက်နိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးထားသည်ကို တွေ့ရှိရသည့်အပြင် နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မလိုအပ်သည့် လုပ်ငန်းအဆင့်များ လျော့ချရေး၊ အစိုးရဌာန အသီးသီးနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာဖြင့် မြန်ဆန်သွက်လက် အောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ချမှတ်ကျင့်သုံး နေသည့် စည်းမျဉ်းစည်းကမ်းများအနက် အချို့သော လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများက ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေခြင်းကို လျော့ချပေးရေး စသည်တို့ကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြင်ဆင်နိုင်ရေး  ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊  လတ်တလော အနေအထားတွင် နိုင်ငံအတွင်းရှိသည့် လူထုအနေဖြင့် လှုံ့ဆော်မှုများကြောင့် ဘဏ်များ အပေါ် ယုံကြည်မှု ကျဆင်းကာ မိမိတို့ အပ်နှံထားသည့် ငွေများကို ပြန်လည်ထုတ်ယူမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က လိုအပ်သည့် အစီအမံများ ချမှတ်ပြင်ဆင်လျက်ရှိသဖြင့် ဘဏ်များနှင့် ပတ်သက်၍  လုပ်ငန်းရှင်များအနေဖြင့်  စိတ်ပူပန်ရန်မလိုဘဲ ယခင်ကကဲ့သို့ပင် ယုံယုံကြည်ကြည်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ ကိုယ်တိုင်က ဘဏ်များ အပေါ်မှာ စိုးရိမ်စိတ်ဖြင့် ထိတွေ့ဆက်ဆံမှု မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ဘဏ်များနှင့် ပတ်သက်၍ စိုးရိမ်စိတ်လွန်ကဲမှုများကြောင့် မိမိတို့၏ ငွေများကို မလိုအပ်ဘဲ ပြန်လည်ထုတ်ယူမှု မပြုကြခြင်းဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အာဆီယံ နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတိုးတက်မှု ရရှိရေးအတွက် အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများ ရှိနေသော်လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရ စီးပွားရေးနှင့် ပတ်သက်သည့် အလားအလာကောင်းများ ရှိနေပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေး လုပ်ငန်းများ ဆောလျင်စွာ ပုံမှန်ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးမောင်ကိုက စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံတော်အစိုးရက ပံ့ပိုး ကူညီပေးရန် လိုအပ်သည့်အချက်များနှင့် အကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဉက္ကဋ္ဌ၊ ဒုဉက္ကဋ္ဌ များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။