၀န်ကြီးဌာနသတင်းများ


(မန္တလေး၊ ဧပြီ ၁)


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြို့သာစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးရန်အတွက် ဧပြီလ ၁ ရက် နေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန် သို့ သွားရောက်ခဲ့ပါသည်။   


မြို့သာစက်မှုဇုန်သို့ရောက်ရှိစဉ် မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလိမိတက် ဉက္ကဋ္ဌ၊ ဦးအောင်ဝင်းခိုင်နှင့် မန်နေးဂျင်းဒါရိုက်တာ‌ ဒေါက်တာ ထွန်းထွန်းအောင် တို့က စက်မှုဇုန်စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  ပြည်ထောင်စုဝန်ကြီး အား ရှင်းလင်းတင်ပြခဲ့ ပါသည်။ အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့သာစက်မှုဇုန်သည် ကုန်းလမ်း ၊ ရေလမ်း ၊ လေကြောင်းလမ်းဆုံရာတွင်တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးမှုဝင်ရိုး (Growth Pole ) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိနေခြင်း စသည့်အားသာချက်များရှိပါကြောင်း ၊ ဤစက်မှုဇုန်သည် မြန်မာပြည် အထက်ပိုင်း တွင် ရင်းနှီးတည်ဆောက်သူ (Developer)၏ ရင်းနှီးမြှုပ်နှံ မှုဖြင့် စက်မှုဇုန်တစ်ခု တွင်ပါရှိရမည့် အခြေခံအဆောက်အအုံများ ပြည့်စုံအောင် တည်ဆောက်ထားသည့် စက်မှုဇုန် ဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၂ ခုနှစ် ကတည်းက ခွင့်ပြုမိန့်ထုတ်ပေး ထားသည့် စက်မှုဇုန်ဖြစ်၍ ဤဇုံအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါကြောင်း ၊ လက်ရှိရင်းနှီးမြှုပ်နှံနေသူများလည်း အဆင်ပြေစွာ ရင်းနှီးမြှုပ်နှံ နိုင်ကြောင်း သိရသဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အားပေးလိုကြောင်း ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မိမိတို့၏ဝန်ကြီးဌာနက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုကို ချောမွေ့ သွက်လက်စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေကြသူများအနေဖြင့် အစိုးရဌာန/ အဖွဲ့ အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ရသည့်ကိစ္စများ ပိုမိုချောမွေ့စေအောင် ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ၊ ထိုနည်းတူ လုပ်ငန်းတိုးချဲ့ခြင်း ၊ လုပ်ငန်းသစ် ထူထောင်ခြင်းတို့နှင့် ပတ်သက်၍လည်း အဆင်ပြေချောမွေ့အောင်၊ မြန်ဆန်သွက်လက်စွာ ခွင့်ပြုပေးနိုင်အောင် မလိုအပ်သည့်လုပ်ငန်းအဆင့်များကို လျှော့ချထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် COVID 19 ကြောင့်တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှု ၄၂% ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ ၅% မှ ၁၀ % အထိ ကျဆင်းနိုင်သည်ဟုခန့်မှန်းချက်များရှိပါကြောင်း၊ စိန်ခေါ်မှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း တစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြို့သာစက်မှုဇုန် အုပ်ချုပ်မှုအဖွဲ့အနေဖြင့် နိုင်ငံတွင်းနှင့် ပြည်ပတွင်ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများရှိပြီးဖြစ်ခြင်းကြောင့် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်း မှာကြားပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဇုန်အတွင်းရှိ Gold AYA Motors International Group Co., Ltd ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ Japfa Comfeed Myanmar Pte., Ltd ၏ မျိုးခြံနှင့် သားပေါက် ထုတ်လုပ်ရောင်းချြခင်းလုပ်ငန်း၊ Mandalay Baoshan Myotha Industrial Development Co., Ltd ၏ Construction and Leasing warehouse and standard factory လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့အားပေးခဲ့ပါသည်။


အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှတာဝန်ရှိပုဂ္ဂိုလ်များပါဝင်တက်ရောက် ကြပါသည်။