၀န်ကြီးဌာနသတင်းများ


(မကွေး၊ မေ ၂၈ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မကွေးတိုင်းဒေသကြီး၊  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို  ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် တိုင်းဒေသကြီးအတွင်း ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုမူဝါဒကို လိုက်လျောညီထွေချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု ပိုမိုတိုးတက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဉီးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် တင်ပြ လျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြု စေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဌာနများကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီး ဌာန၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲ များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းလှ ကျင်းကျေးရွာအုပ်စုရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော GEP (Myanmar)  Co.,Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးထက်နိုင်အောင်က စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားရာတွင် ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊  စီမံကိန်းတစ်ခုလုံးကို  အပိုင်း (၄)ပိုင်း ခွဲခြားထားပြီး တည်ဆောက် ပြီးစီးမှုကာလမှာ (၄)နှစ် လျာထားကြောင်း၊ စီမံကိန်း၏ အပိုင်း ၁ ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့ပြီး နေ့စဉ်လျှပ်စစ်ဓါတ်အား မီဂါဝပ် ၄၀ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ကျန်စီမံကိန်း အပိုင်းများကို ဆက်လက်တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊   စီံမံကိန်းတစ်ခုလုံးပြီးစီးပါက မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့သို့ လျှပ်စစ်မီးအလုံအလောက်ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ကျော် ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြပါ သည်။ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ပြီး  ကုမ္ပဏီက တင်ပြသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကန်ရေကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Kyaw and Than Co.,Ltd ၏ မန်းသီတာ(MTT) ကွန်ကရစ် ကျောက်တိုင်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများ အား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ကုမ္ပဏီ၏ ရှင်းလင်းဆောင်တွင် အထွေထွေ မန်နေဂျာဖြစ်သူ ဦးညီညီထွေးက လုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများနှင့် လက်ရှိဖြစ်ပေါ် နေသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။