၀န်ကြီးဌာနသတင်းများ


(စစ်တွေ၊ ဇွန် ၂၅ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ 
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထား ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပေးသည့် စံပြု လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများ၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှ အရေးကြီးသည့်ပြဋ္ဌာန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာ ကိစ္စများ၊  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ ကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေး ပြောကြားပါသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။  
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီး ဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ အခက်အခဲများ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။