၀န်ကြီးဌာနသတင်းများ


(ရှမ်း၊ မေ ၁၄ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု ဉပဒေပါပြဋ္ဌာန်းချက် များအရ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးပါသည်။ ဆက်လက်၍  ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဉီးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို လိုက်လျော ညီထွေ ချမှတ်အကောင်အထည်ဖော်လျှက် ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဉီးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများလွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက် အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြား ပါသည်။
ထို့နောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီး ဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဝန်ထမ်းအိမ်ယာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ နှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။