၀န်ကြီးဌာနသတင်းများ



 

နေပြည်တော် စက်တင်ဘာလ ၃၀

     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andera Faulkner နှင့်အတူ ရန်ကုန်မြို့ရှိ ဩစတြေးလျသံရုံးမှ အရာရှိများနှင့် ယနေ့ နံနက် ၁၀:၀၀ တွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။


ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသည့် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍများအပေါ် သက်ရောက် မှုများ၊ လက်ရှိဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်နေမှုများနှင့်  ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးက ဩစတြေးလျမှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပံ့ပိုးပေးမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) နှင့်စပ်လျဉ်း၍ နောက်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊  ကာလလတ်နှင့်ကာလရှည် ဖွံ့ဖြိုးမှုစီမံကိန်းအဖြစ် ရေးဆွဲအကောင်အထည်ဖော်မည့် မြန်မာနိုင်ငံ ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံကိန်း (MERRP) ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန နှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည့် အခြေအနေများကိုလည်း ကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ CERP ၏ အရေးပါမှုအပေါ်တွင် ပြည်ထောင်စု ဝန်ကြီးက CERP ၏ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား စောင့်ကြည့် လေ့လာ အကဲဖြတ်မှုများလုပ်ဆောင်လျက်ရှိရာ   ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များရေးဆွဲချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်းကိုလည်း ပြောကြားခဲ့ သည်။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးက  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ အနေဖြင့် COVID-19 ကာကွယ်ရေးပစ္စည်းများ၊   အရေးပေါ် ဆေးပစ္စည်းများနှင့်ကိရိယာများအား ပြည်တွင်းနှင့် ပြည်ပဈေးကွက်များမှ ပွင့်လင်းမြင်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် UNOPS ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအား ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးက COVID-19 ကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်စေရန် ဆောင်ရွက်ရမည့်ကိစ္စများနှင့် တစ်ပြိုင်တည်း ဆိုသလို ဆောင်ရွက်ရမည့်ကိစ္စများထဲတွင် လူတိုင်း COVID-19 ကာကွယ်ဆေးကို ညီတူမျှတူ သုံးစွဲခွင့်ရရှိရေးဖြစ်သဖြင့် ဩစတြေးလျနိုင်ငံအနေဖြင့် COVAX Facility အစီအစဉ်မှတစ်ဆင့် ကနဦးထောက်ပံ့မှုများ ဆောင်ရွက်ပေးနေပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများမှ ပြည်သူများအတွက် ကာကွယ်ဆေးရရှိရေးကို ဆောင်ရွက်ပေးရန်မှာ ဩစတြေးလျ နိုင်ငံ၏ အဓိကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်၍  ယခုအခါ သက်ဆိုင်ရာ နိုင်ငံများက အစိုးရများနှင့် ကာကွယ်ဆေးလိုအပ်ချက်များအတွက် ဆွေးနွေးလျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံပါဝင်သည့် အာဆီယံနိုင်ငံများ၏ စီးပွားရေးပြန်လည် ထူထောင်မှု စီမံကိန်းသို့ ဩစတြေးလျ ဒေါ်လာ သန်း ၈၀ အား ပံ့ပိုးပေးမှုအား စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက COVID-19 ကာကွယ်ဆေးကို ဩစတြေးလျနိုင်ငံအနေဖြင့် ထောက်ပံ့ရာတွင် မြန်မာနိုင်ငံအား ဉီးစားပေး ထောက်ပံ့ပေးစေလိုကြောင်းနှင့် အာဆီယံနိုင်ငံများ ၏ စီးပွားရေး ပြန်လည် ထူထောင်မှုလုပ်ငန်းစဉ်အတွက် ပံ့ပိုးပေးမှုများကိုလည်း ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။


မြန်မာနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား Australia’s Aid Investment Plan (2015-2020) အရ ဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နောင်လာမည့်      ၅ နှစ်တာ ကာလအတွက် ပူးပေါင်း ဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအစီအစဉ်အား ဆွေးနွေးရန် စတုတ္တ အကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များကို နှစ်ဘက်ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် အဆင့်မြင့် အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။