၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ သမ္မတနိုင်ငံတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူသမ္မတနိုင်ငံထိပ်သီးအစည်းအဝေး ၂၀၁၉ သို့ တက်ရောက်ခဲ့ပါသည်။

စင်ကာပူသမ္မတနိုင်ငံထိပ်သီးအစည်းအဝေးအား စင်ကာပူသမ္မတနိုင်ငံအစိုးရနှင့် Temasek ဖောင်ဒေးရှင်းတို့မှကြီးမှူး၍ အာရှဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပ ခဲ့ပါသည်။ အစည်းအဝေး၌ အာရှနှင့် ကမ္ဘာတစ်လွှားမှ ခေါင်းဆောင်များအကြား အတွေးအမြင်များ ဖလှယ်နိုင်ခြင်း၊ အစိုးရကဏ္ဍမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များ အကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေးဖော်ထုတ်သွားနိုင်မည်ဖြစ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် စင်ကာပူသမ္မတနိုင်ငံထိပ်သီး အစည်းအဝေး ၂၀၁၉ ဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်ခဲ့ပြီး စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Heng Swee Keat က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာရှနှင့် ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော် တက်ရောက်ခဲ့ပါသည်။

နေ့လည်ပိုင်းတွင် စင်ကာပူသမ္မတနိုင်ငံထိပ်သီး အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးသည် Policy Dialogue Session ၌ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်အရ နိုင်ငံစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ အကြား လွတ်လပ်စွာ ကုန်သွယ်နိုင်မှု၊ နည်းပညာဆန်းသစ် တီထွင်မှုနှင့် သုတေသန ဖွံ့ဖြိုး တိုးတက်မှုတို့သည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြောင်း၊ အဆိုပါ နိုင်ငံစုံနှင့် ဒေသ ဆိုင်ရာအုပ်စုတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ Mega-trends နှင့်အတူ လိုက်ပါဆောင်ရွက်နိုင် ရေး ကြိုးစားလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၌ လည်း တက်တက်ကြွကြွပါဝင်လျက်ရှိပါကြေင်း၊ Industrial 4.0 သို့ ကူးပြောင်းနိုင်ရေး အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ ရေးဆွဲထားသော Myanmar Sustainable Development Plan သည်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု တိုးမြှင့်ခြင်းဖြင့် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Heng Swee Keat နှင့် နိုင်ငံခြားဝန်ကြီးဌာန ဝန်ကြီး H.E Dr. Vivian Balakrishnan တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဉီးဆက်အောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဉီးစိုးမြင့်အောင်တို့လိုက်ပါသွားကြပါသည်။