၀န်ကြီးဌာနသတင်းများ




နေပြည်တော် ၊ နိုဝင်ဘာလ ၁၀

       ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအကြို ကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး နှင့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန် ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့်  တက်ရောက်ခဲ့ပါသည်။


 (၁၉) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌအဖြစ် ဗီယက်နမ်နိုင်ငံက တာဝန်ယူစဉ်   အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားသည့် ဦးစားပေး လုပ်ငန်း (၁၃) ခု ဆောင်ရွက် ပြီးမြောက်မှုအခြေအနေကိုလည်းကောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) လမ်းပြ မြေပုံ (၂၀၂၅) ကာလလယ်သုံးသပ်ချက် ကနဉီးအစီရင်ခံစာပါ ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ နှင့် အကြံပြုချက်များအပေါ်တွင်လည်းကောင်း၊   ဆွေးနွေးလမ်းညွှန်ခဲ့ကြပါသည်။ ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်နှင့် ယင်းမူဘောင်ကို  အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးများက အမြန်ဆုံးထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည်။


အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရာတွင် အချို့သော လုပ်ငန်းများသည် ကဏ္ဍဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု၊ စောင့်ကြည့်စစ်ဆေးမှု၊ အကဲဖြတ်မှုများ ပိုမိုခိုင်မာ အားကောင်းရန်  လိုအပ်ပါကြောင်း၊  စတုတ္ထစက်မှုအသွင် ကူးပြောင်းရေးနှင့် စပ်လျဉ်းသည့် နည်းပညာများသည် စီးပွားရေးကဏ္ဍတွင်သာမက အများပြည်သူ၏ လူမှုဘဝများနှင့် ဆက်စပ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုနယ်ပယ်များတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊  အာဆီယံဒေသ အတွင်း ကဏ္ဍများနှင့် မဏ္ဍိုင်များအကြား ထိရောက်၍ စွမ်းဆောင်ရည်ရှိစွာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်မည့် စတုတ္ထစက်မှု အသွင်ကူးပြောင်းရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်သည်  လက်ရှိဖြစ်ပေါ်နေသည့် COVID – 19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် ဒေသတွင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အချိန်အခါအရ အလွန်အရေးပါသဖြင့်  အဆိုပါ မူဘောင်ကို အကောင်အထည်ဖော်ရာတွင် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အပါအဝင် Stakeholders များအားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်ပါကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် COVID -19 ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေး တို့အတွက် ဟနွိုင်းရှေ့လုပ်ငန်းစဉ်အောက်မှ အစီအစဉ်တစ်ခု ဖြစ်သည့်  အရေးကြီးကုန်စည်များ အပေါ် အကောက်ခွန် မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ် အကောင်အထည် ဖော်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်တို့နှင့်အတူ ပါဝင်တက်ရောက်၍ အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံကိုယ်စား လက်မှတ် ရေးထိုးခဲ့ပါသည်။ ၎င်းစာချွန်လွှာ၏ ရည်ရွယ်ချက်မှာ COVID- 19 ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို တုံ့ပြန်ဆောင်ရွက်ရာတွင် အစားအစာ၊ ဆေးနှင့် ဆေး ပစ္စည်းများအပါအဝင် အရေးကြီးကုန်စည် များလွယ်ကူစွာ စီးဆင်းနိုင်ရေးအတွက် အာဆီယံ (၁၀) နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရာတွင် ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများ၊ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖလှယ်နိုင်ရန်ဖြစ်ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန် ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ ဝန်ကြီးများက ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ အာဆီယံ နှင့် ဆွစ်ဇာလန်တို့က ဆောင်ရွက်လျက်ရှိသည့် COVID – 19 တုံ့ပြန်မှု ဆိုင်ရာ ဆောင်ရွက်ချက် များကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက အာဆီယံနှင့် ဆွစ်ဇာလန်တို့ အကြား  ဒီဂျစ်တယ်စီးပွားရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာရေးကဏ္ဍနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများတွင်  ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။  


အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  COVID – 19 ၏ လူမှုစီးပွား ထိခိုက်မှု များအပေါ် တုံ့ပြန်နိုင်ရန် အတွက် COVID – 19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကို မြန်မာနိုင်ငံအနေဖြင့် ရောဂါ ကူးစက်မှု စတင် တွေ့ရှိသည့် ကာလကပင် အကောင်အထည်ဖော်ခဲ့မှု အခြေအနေများနှင့်  ယခုအခါ ရေရှည် စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်( MERRP ) ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်နေမှု အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။


အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။